ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီ အစည်းအဝေး (SEAGF) Council Meeting ကျင်းပ

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီ အစည်းအဝေး (SEAGF) Council Meeting ကျင်းပ

နေပြည်တော်  ဇူလိုင်  ၁၅

အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးမင်းသိန်းဇံ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်လေးဦးတို့သည် ဇူလိုင် ၁၁ ရက်မှ ၁၃ ရက်အထိ ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့၌ကျင်းပသည့် (၃၂)ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီ အစည်းအဝေး (SEAGF) Council Meeting သို့တက် ရောက်ရန် ဇူလိုင် ၁၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ညနေပိုင်းတွင် ရောက်ရှိခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇူလိုင် ၁၁ ရက်တွင်    ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ  Sokha ဟိုတယ်၌ နံနက် ၈ နာရီခွဲက ကျင်းပသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအဖွဲ့ချုပ် ကောင်စီ အစည်းအဝေးသို့ တက်ရောက်လာသော အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံမှ ကိုယ်စားလှယ်များကို ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်   SAMDECH   AKA   MOHA  SENA  PADEI  TECHO  HUN SENက  ကြိုဆိုနှုတ်ဆက်သည့်  အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော အဖွဲ့သည် အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံမှ ကိုယ်စားလှယ်များနှင့်အတူ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပမည့် အားကစားကွင်း/ အားကစားရုံများသို့  သွားရောက်ကြည့်ရှု လေ့လာခဲ့ကြသည်။

ညနေပိုင်းတွင်  Sokha  ဟိုတယ်၌ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေး ဝန်ကြီး၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌက တည်ခင်းဧည့်ခံသည့် ညစာစားပွဲ အခမ်းအနားသို့  ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော အဖွဲ့သည် အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံမှ  ကိုယ်စားလှယ်များနှင့် အတူ တက်ရောက်ကြသည်။

ဇူလိုင် ၁၂ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ  Sokha ဟိုတယ် ၌ကျင်းပသည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အားကစားနှင့် ဥပဒေရေးရာ ကော်မတီ အစည်းအဝေး၊  အားကစား ဆေးဘက်ဆိုင်ရာနှင့် တားမြစ်ဆေးဝါး ကော် မတီ အစည်းအဝေး၊ အမျိုးသမီး အားကစား ကော်မတီအစည်းအဝေး၊ သတင်းပြန်ကြား ရေးနှင့် ရုပ်သံထုတ်လွှင့်ရေး အစည်းအဝေး တို့သို့  ပြည်ထောင်စုဝန်ကြီးနှင့် လိုက်ပါလာသည့် အဖွဲ့ဝင်အသီးသီးက  တက်ရောက် ဆွေးနွေးခဲ့ကြပြီး မွန်းလွဲပိုင်းတွင် ကျင်းပသည့် အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးသို့ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့တို့ တက်ရောက်ကြသည်။

ဇူလိုင် ၁၃ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီး ယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ  Sokha  ဟိုတယ်၌ ကျင်းပသည့် (၃၂)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီ  အစည်းအဝေးသို့  ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် ကာကွယ်ရေးဝန်ကြီး၊ (၃၂)ကြိမ်မြောက်  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ  ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌက တက်ရောက်အမှာစကား ပြောကြားကာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အာဆီယံ အဖွဲ့ဝင် ၁၁ နိုင်ငံမှ ကိုယ်စားလှယ်များနှင့် အတူတက်ရောက်ခဲ့ကြပြီး (၃၂)ကြိမ်မြောက်  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းများအား သတ်မှတ်ခြင်း၊ အားကစားပြိုင်ပွဲ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ပြင်ဆင် ရေးဆွဲ အတည်ပြုခြင်း၊ နောင်  SEA Games ပြိုင်ပွဲများ ကျင်းပမည့် အိမ်ရှင်နိုင်ငံများ သတ်မှတ်အတည်ပြုခြင်း တို့ကို ဆုံးဖြတ်  ဆောင်ရွက်ခဲ့ကြသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာခဲ့ပြီး ဇူလိုင် ၁၄ ရက် ဒေသစံတော်ချိန် နံနက် ၁၁  နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။