ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ပြင်ဦးလွင်မြို့နှင့် မိတ္ထီလာမြို့ရှိ  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ပြင်ဦးလွင်မြို့နှင့် မိတ္ထီလာမြို့ရှိ  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေး

နေပြည်တော်  ဇူလိုင်  ၁၅

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့တွင် မိတ္ထီလာမြို့၌ ရုံးစိုက်သော ဗဟိုပို့ဆောင် ဆက်သွယ်ရေးကျောင်း၊ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၊  မြန်မာ့မီးရထား၊ ကုန်းလမ်း ပို့ဆောင်ရေးနှင့် မြန်မာ့စာတိုက် လုပ်ငန်းတို့၏ ရုံးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ မြန်မာ့မီးရထားရိပ်သာ၌ ပြင်ဦးလွင်တပ်နယ်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြန်မာ့မီးရထားမှ တာဝန်ရှိသူများအား တွေ့ဆုံပြီး ဇီးပင်ကြီး-ပြင်ဦးလွင်-နောင်ချို-ဂုတ်ထိပ် ရထားလမ်းပိုင်းအား အဆင့်မြှင့်တင်မှု ဆောင်ရွက်နေသည့် လုပ်ငန်းများ ထိရောက်စွာ တိုးတက်ပြီးစီးရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် လိုအပ်ချက်များကို မှာကြားသည်။ ၎င်းနောက် အဆိုပါလမ်းပိုင်း၌ တာဝန်ထမ်းဆောင်နေကြသည့် အင်ဂျင်နီယာ ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းများ စနစ်တကျ ရှိရေး၊ စံချိန်မီအရည်အသွေး ကောင်းမွန်ရေး၊ ဌာနပိုင် သံလမ်း၊ ဇလီဖားတုံးနှင့် ဆက်စပ်ပစ္စည်းများ စနစ်တကျ ထိန်းသိမ်းအသုံးပြုစေရေး မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြင်ဦးလွင်မှ ထွက်ခွာပြီး မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကျောင်းသို့ နေ့လယ်ပိုင်းတွင် ရောက်ရှိလာရာ ဝန်ကြီး ဌာနရှိ အမြဲတမ်းအတွင်းဝန်များ၊ ဌာနအကြီးအမှူးများနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။  ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ကျင်းပသော ဗဟိုပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကျောင်း၏ (၄၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်၍ အမှာစကား ပြောကြားရာတွင် ဗဟိုပို့ဆောင် ဆက်သွယ်ရေးကျောင်းသည် နိုင်ငံတော်၏ ပို့ဆောင်၊ဆက်သွယ်မှု ကဏ္ဍများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ကြီးဌာနလက်အောက် အရာထမ်း၊ အမှုထမ်းများကို စိတ်ဓာတ်၊  စည်းကမ်း၊ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားသည့် အရည်အသွေး ပြည့်မီသော ဝန်ထမ်းကောင်းများ ဖြစ်အောင် လေ့ကျင့်ပြုစု ပျိုးထောင်ပေးနေသည့် သင်တန်းကျောင်း တစ်ခုဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ သင်တန်း သားအရာထမ်း ၆၃၈ ဦး၊ အမှုထမ်း ၃၈၇၄၄ ဦး စုစုပေါင်း ၃၉၃၈၂ ဦးကို လေ့ကျင့်မွေးထုတ် ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ နည်းပြများ အနေဖြင့် သင်တန်းသား ဝန်ထမ်းများအား  အတတ်ပညာ၊ အသိပညာများ စနစ်တကျ သင်ကြားပေးရေး၊ ဝန်ထမ်းကောင်းတစ်ဦး စောင့်ထိန်းရမည့် ကျင့်ဝတ်၊ လိုက်နာရမည့် စည်းကမ်း၊ ယုံကြည်ချက်၊ ခံယူချက်မှန်ကန် ရေးအတွက် လေ့ကျင့်ပေးရေး၊ ပြည်သူအတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်သည့် ဝန်ထမ်းကောင်းများ ဖြစ်လာစေရေးတို့ကို အဓိကထား၍ လေ့ကျင့်သင်ကြား ပေးသွားရန်ဖြစ်ကြောင်း လမ်းညွှန်မှာကြားသည်။

ဆက်လက်၍  နှစ်ပတ်လည်အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူ့ ဝန်ထမ်းကောင်း တံဆိပ်ရရှိသည့် ဝန်ထမ်းများအား ဂုဏ်ပြုဆု ချီးမြှင့်ပြီးနောက် သင်တန်း ကျောင်း၏ တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်သည်။ ထို့အတူ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ဌာန၏ သန့်ရှင်းရေးဆု၊ စိုက်ပျိုးရေးဆု၊ သင်တန်းထူးချွန်ဆု ရရှိသည့် ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး  ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများနှင့် မိသားစုများအား စားသောက်ဖွယ်ရာ ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျောင်းအတွင်း သရုပ်ပြဆောင်များရှိ သင်ထောက်ကူပစ္စည်းများ ထားရှိအသုံးချနိုင်မှု အခြေအနေများ၊ နှစ်ရှည်ပင်များနှင့် ရာသီသီးနှံ စိုက်ခင်း စိုက်ပျိုးထားရှိမှု၊ မွေးမြူရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ  မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်  မိတ္ထီလာမြို့ရှိ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း၊ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ တိုင်းတာရေးစခန်း၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့် စီမံကိန်းဦးစီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေး၊ ကုန်စည် ပို့ဆောင်ရေး ဌာနခွဲတို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်ခဲ့ပြီး ဌာနအလိုက် ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။