ဂျိုးဘိုင်ဒင်၏ အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း အီရန်က ပထမဆုံး ဒရုန်းတပ်မ ထူထောင်ကြောင်းကြေညာ
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသသို့ ခရီးထွက်နေစဉ် အီရန်နိုင်ငံက ၎င်းတို့အတွက် ပထမဆုံးသော ဒရုန်းတပ်မကို ထူထောင်ကြောင်း ဇူလိုင် ၁၅ ရက်တွင် ထုတ်ပြန်ကြေညာသည်။
အီရန်စစ်ဘက်က အဆိုပါ ဒရုန်းတပ်မကို အိန္ဒိယသမုဒ္ဒရာအတွင်း ဖြန့်ကြက်ထားခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် TV သတင်းဌာနက ဖော်ပြထားသည်။
အီရန်စစ်ရေယာဉ် တစ်စင်းအနေဖြင့် ဒရုန်းအစင်းရေ ၅၀ အထိ တင်ဆောင်နိုင်သော်လည်း တပ်ဖွဲ့တစ်ခုစီတွင် ဒရုန်းအစင်းရေ မည်မျှပါဝင်သည်ကိုမူ သတင်းဌာနက ဖော်ပြထားခြင်းမရှိပေ။
ဇူလိုင် ၁၅ ရက်တွင် အီရန်စစ်ဘက်က ထုတ်ဖော်ပြသသည့် ဒရုန်းတပ်မရှိ ဒရုန်းများ စာရင်း၌ Pelican၊ Arash၊ Homa၊ Chamrosh? Jubin၊ Ababil-4 နှင့် Bavar-5 တို့ပါဝင်သည်ကို တွေ့ရသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အစ္စရေးဝန်ကြီးချုပ် ယာလာပစ်တို့က အီရန်အနေဖြင့် နျူကလီးယား လက်နက်ပိုင် ဆိုင်ခွင့် မရှိစေရေး အစွမ်းကုန်ကြိုးပမ်း လုပ်ဆောင်သွားမည်ဟူသော ပူးတွဲကတိပြု သဘောတူညီချက်တစ်ခုကို ဇူလိုင် ၁၄ ရက်တွင် လက်မှတ်ရေးထိုးပြီးနောက် အီရန်အစိုးရက ယခုကဲ့သို့ ဒရုန်းတပ်မကို ထူထောင်ကြောင်း ကြေညာခြင်းဖြစ်သည်။
အီရန်အစိုးရကမူ ၎င်းတို့အနေဖြင့် နျူကလီးယား လက်နက်များကို ရရှိနိုင်ရေး ဆောင်ရွက်ခြင်း မရှိကြောင်းနှင့် ၎င်းတို့၏ နျူကလီးယားအစီအစဉ်မှာ အရပ်ဘက်သုံးတစ်ခုတည်းအတွက်သာ ရည်ရွယ်ခြင်းဖြစ်ကြောင်း အတိအလင်း ပြောထားသည်။