နေပြည်တော်ကောင်စီနယ်မြေ အတွင်း၌ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

နေပြည်တော်ကောင်စီနယ်မြေ အတွင်း၌ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ  မြို့နယ်ရှစ်မြို့နယ်၌ မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော်စိုက်ပျိုးရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းထိန်ထံမှ သိရသည်။

“ဒီမြေဆီလွှာကို အသုံးပြုပြီး သီးနှံတွေကို စိုက်ပျိုး ထုတ်လုပ်လာကြတာ  နှစ်ပေါင်းများစွာ ရှိနေကြပါပြီ။ တချို့နေရာတွေမှာဆိုရင် သီးနှံတွေကိုအဆက်မပြတ် စိုက်ပျိုး ထုတ်လုပ်တဲ့အတွက် အာဟာရဓာတ်တွေ ကုန်ခန်းပြီး  ကျန်းမာရေး ချို့ယွင်းနေတဲ့ မြေဆီလွှာတွေ ဖြစ်နေပါပြီ။ ဒါ့ကြောင့်  ကျွန်တော်တို့ရဲ့ စားနပ်ရိက္ခာ ထုတ်လုပ်မှုမှာ များစွာအကူအညီ အထောက်အပံ့ပေးတဲ့မြေဆီလွှာကို ပြန်လည်ကျန်းမာအောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။  မြေဆီလွှာကို ကျန်းမာအောင်ပြုပြင် ထိန်းသိမ်းတဲ့နေရာမှာ နည်းစနစ်တကျနဲ့ သေချာလုပ်ဆောင်နိုင်မယ်ဆိုရင် အကျိုးကျေးဇူးတွေ များစွာ ရရှိမှာဖြစ်ပါတယ်။  အဲဒီအတွက် အခုလို အထူးအလေးထား ဆောင်ရွက်နေတာဖြစ်ပါတယ်။  ဒီနှစ်စိုက်ပျိုး ရာသီမှာဆိုရင် သစ်စိမ်းမြေသြဇာ ဧက ၆၀၀ စိုက်ပျိုးဖို့ လျာထားခဲ့ပြီး  ၇၀  ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးဖြစ်ပါတယ်” ဟု နေပြည်တော် စိုက်ပျိုးရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းထိန်က ပြောသည်။

တောင်သူများအနေဖြင့် သစ်စိမ်းမြေသြဇာ ထည့်သွင်း စိုက်ပျိုးမည်ဆိုပါက မြေဆီလွှာဖွဲ့စည်းပုံ ပိုမိုကောင်းမွန်လာခြင်း၊ မြေဆီလွှာ၏ လေဝင်လေထွက်နှင့် ရေထိန်းသိမ်းနိုင်မှု စွမ်းအားပိုမို ကောင်းမွန်လာစေခြင်း၊  မြေဆီလွှာ တိုက်စားခံရမှုအား ကြိုတင်ကာကွယ်နိုင်ခြင်း၊ မြေဆီလွှာ အတွင်း အကျိုးပြု အဏုဇီဝပိုးများ  တိုးပွားလာစေပြီး အပင်လိုအပ်သည့်  အာဟာရဓာတ်များ ဖြည့်ဆည်းပေးခြင်း၊  အထူးသဖြင့်  အပင်ပိုင်းကြီးထွားမှုကို  အားပေးသော နိုက်ထရိုဂျင်ဓာတ်ကို ဖြည့်ဆည်းပေးခြင်း၊ ယခုအချိန်တွင် ဓာတ်မြေသြဇာများ ဈေးနှုန်းကြီးမြင့်နေသည့် အတွက် သစ်စိမ်းမြေသြဇာ စိုက်ပျိုးထည့်သွင်းခြင်းသည်  စီးပွားရေး တွက်ခြေကိုက်ပြီး ရေရှည်တည်တံ့သည့် အထွက်နှုန်းတိုးတက်မှုကို  ရရှိနိုင်မည်ဖြစ်သည့်အတွက်  ဆောင်ရွက်သင့်ကြောင်း သိရသည်။

နေပြည်တော်စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် ဒေသအတွင်းရှိ  မြို့နယ်ရှစ်မြို့နယ်၌   မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများဖြစ်သည့် နွေထယ်ရေးခံခြင်း၊ ထုံး၊ နုန်းများထည့်ခြင်း၊ အဏုဇီဝရေအား အသုံးပြု၍ မြေဆွေးပုံများ ထည့်သွင်းခြင်း၊  ပိုက်ဆန်လျှော်၊ ပဲမျိုးရင်းဝင်အပင် အမျိုးမျိုးကိုအသုံးပြုကာ သစ်စိမ်းမြေသြဇာ ပြုလုပ်ထည့်သွင်းခြင်း၊ သဘာဝ စွန့်ပစ်ပစ္စည်းများကို   သဘာဝမြေသြဇာအဖြစ် ထည့်သွင်းခြင်း၊ ပိုးမွှားရောဂါ ကာကွယ်ရေးအတွက်  ကာကွယ်ရေး လုပ်ငန်းအဖြစ်  ကြိုတင်ကင်းထောက်ခြင်း လုပ်ငန်းကို အခြေခံလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ပြီး ပိုးမွှားရောဂါ ကျရောက်ပါက ဘက်စုံသီးနှံ ကာကွယ်ရေးစနစ်ဖြင့် ကာကွယ်နှိမ်နင်းခြင်း၊ စိုက်ပျိုးပညာပေး သင်တန်းများနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ တောင်သူများအား စိုက်ပျိုးပညာပေးခြင်းနှင့်  သီးနှံဆိုင်ရာ သရုပ်ပြကွက်၊ စမ်းသပ်ကွက်၊  စံပြကွက်များ ဆောင်ရွက်ခြင်းတို့ကို လစဉ်စီမံချက် ရေးဆွဲ၍  ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။