မွန်ပြည်နယ်၌ ဒူးရင်းသီးအထွက်နည်းပါးချိန်တွင် ဈေးနှုန်းပြန်လည်ကောင်းမွန်လာ

မွန်ပြည်နယ်၌ ဒူးရင်းသီးအထွက်နည်းပါးချိန်တွင် ဈေးနှုန်းပြန်လည်ကောင်းမွန်လာ

မွန်ပြည်နယ်၌ ဒူးရင်းသီးအထွက်နည်းပါးချိန်တွင် ဈေးနှုန်းပြန်လည်ကောင်းမွန်လာကြောင်း ဒူးရင်းသီး စိုက်ပျိုးရောင်းချသူများ၏ ပြောပြချက်အရ သိရသည်။

ဒူးရင်းသီးစတင်ထွက်ရှိသည့် ဧပြီလက တစ်လုံးလျှင် ငွေကျပ် ၁၀၀၀၀ ကျော်အထိ ရရှိခဲ့ပြီး မြန်မာနိုင်ငံ အောက်ပိုင်းဒေသ များ၌     ဒူးရင်းသီးအထွက်များချိန်က တစ်လုံးလျှင် ငွေကျပ် ၂၅၀၀ မှ ၃၅၀၀ စသည်ဖြင့် တဖြည်းဖြည်း ဈေးနှုန်းကျဆင်းလာကာ လတ်တလောတွင် တစ်လုံးလျှင် ငွေကျပ် ၁၀၀၀၀ ကျော်အထိ ဈေးနှုန်းပြန်လည်ရရှိနေကြောင်း သိရသည်။

အသီးစောသီးတဲ့ အပင်တွေကထွက်တဲ့ဒူးရင်းသီးတွေ   ဈေးကောင်းရခဲ့တယ်။

အခုနောက်ကျသီးလည်း   ဈေးကောင်းရတယ်။ အခုက ဒူးရင်းသီးရှားနေပြီဆိုတော့ ဈေးကောင်းရတာပေါ့ဟု မွန်ပြည်နယ်မှ ဒူးရင်းသီးစိုက်ပျိုးရောင်းချသူ ဒေါ်ဝင်းခိုင်ကပြောသည်။

မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ၌ ပုံမှန်အားဖြင့် မေ၊ ဇွန်နှင့် ဇူလိုင်လများတွင် ဒူးရင်းသီးစတင်ထွက်ရှိလေ့ရှိပြီး   အသီးအရောင်ပြောင်း၍ ဆူးကျဲကာ လက်ဖြင့်ခေါက်ပါက ကလိုင်သံထွက်လျှင် ဆွတ်ခူးနိုင်ပြီ ဖြစ်သည်။

ဒူးရင်းပင်သည် ရေရရှိပါက တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပြီး ပန်းစပွင့်သည့်အချိန်မှ  မှည့်သည်အထိ  ငါးလခွဲမှ ခြောက်လခန့် (မျိုးအလိုက်) ကြာလေ့ရှိကြောင်း၊ ဒူးရင်းပင်စိုက်ပျိုးရာတွင် အရည်အသွေးကောင်းမျိုးများ ဖြစ်သည့် ကန်ကလေး(၁)၊ ကန်ကလေး(၂)၊ ရွှေဒင်္ဂါးနှင့် မိကျောင်းခေါင်းမျိုးများကို စိုက်ပျိုးနိုင်ကာ ဒူးရင်းမျိုး ရွေးချယ်ရာတွင် အသီးအထွက်ကောင်းခြင်း၊ အိမ်မြွှာကြီးပြီး အသားထူ၊ အစေ့သေး၊ အရသာကောင်းခြင်းနှင့်  စောစောပွင့်သီးခြင်းတို့ကို ဦးစားပေးရွေးချယ်သင့်ကြောင်း သိရသည်။

           နဒီ