ယခုနှစ် ခရမ်းချဉ်သီး စိုက်ပျိုးရာသီချိန်အတွင်း တင်ပို့ရောင်းချသည့် ဈေးကွက် ခန့်မှန်းရခက်နေ

ယခုနှစ် ခရမ်းချဉ်သီး စိုက်ပျိုးရာသီချိန်အတွင်း တင်ပို့ရောင်းချသည့် ဈေးကွက် ခန့်မှန်းရခက်နေ

ယခုနှစ် စိုက်ပျိုးရာသီချိန်အတွင်း ခရမ်းချဉ်သီး စိုက်ပျိုးတင်ပို့ရောင်းချသည့် ဈေးကွက်မှာ ဈေးနှုန်းအတက်အကျ ခန့်မှန်းရ ခက်နေကြောင်း မြန်မာနိုင်ငံအထက်ပိုင်း ခရမ်းချဉ်သီးဈေးကွက်မှ သိရသည်။

ဒီနှစ်အတွက် ခရမ်းချဉ်သီးဈေးကွက် နဲ့ပတ်သက်တဲ့ အခက်အခဲကတော့ ဈေး ကွက်က အရင်နှစ်ကထက် ကျဆင်းနေတာ ပါ။ ပုံမှန်အားဖြင့်ဆိုရင် ပင်းတယ၊  ရပ်စောက်နဲ့  ရွာငံဘက်က  စိုက်ပျိုးသူတွေ စုံလာတဲ့အချိန် အသီးအထွက်နှုန်းများပြီး ဈေးကျတတ်တယ်။ အသီးမညီတဲ့အချိန် မတ်လကနေ မေလအတွင်းဆိုရင် နွေသီး ဆိုတော့ ဈေးပုံမှန်ရတတ်ပါတယ်။ ဒီနှစ်မှာ ရှမ်းပြည်နယ်ဘက်ကထွက်တဲ့ အသီးနဲ့တင် ဈေးကောင်း မရဘူးဆိုတော့ တခြားဒေသက  အသီးတွေသာ  စုပြုံထွက်လာ မယ်ဆိုရင် ဒီနှစ်ဈေးကွက်က ခန့်မှန်းရ ခက်ပါပြီဟု ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့မှ   ခရမ်းချဉ်သီး စီးပွားဖြစ်စိုက်ပျိုးသူ ကိုစိုင်းက ပြောသည်။

မြန်မာနိုင်ငံ၌  ခရမ်းချဉ်သီးကို  မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊  ဧရာဝတီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ် စသည့်ဒေသများ၌  စိုက်ပျိုးကြပြီး ဒေသတစ်ခုနှင့်တစ်ခု    စိုက်ပျိုးချိန်မတူညီကြောင်း၊ ရှမ်းပြည်နယ် မှထွက်ရှိသည့် ခရမ်းချဉ်သီးမှာ ခရမ်းချဉ် သီးအစိမ်းဈေးကွက်ကိုသာ အများဆုံးအား ထားနေရပြီး ခရမ်းချဉ်သီးအမှည့်ဈေးကွက် မရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်ဘက်မှာက ခရမ်းချဉ် သီးအမှည့်ဈေးကွက်မရှိဘူး။ အစိမ်းသီးပဲ ခူးရောင်းကြတာပါ။ ဘာကြောင့်လဲဆိုတော့  အင်းလေးဒေသရဲ့   ရေပေါ်၊  ကုန်းပေါ် နေရာအတော်များများက ခရမ်းချဉ်စိုက် ပျိုးကြတဲ့အတွက် အထွက်များတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းက  တခြားဒေသတွေရဲ့ စိုက်ပျိုးမှုလည်း ရှိသေးတယ်။ ဒါကြောင့်  ကုန်သည်တွေက အစိမ်းသီးတွေကို ဝယ်လှောင်ထားပြီး မှည့်ခါနီးတဲ့အသီးတွေကိုမှ  ခွဲခွဲရောင်းချကြတယ်။ အစိမ်းသီးတွေ ဆိုတော့ ဈေးကွက်ကို ချိန်ဆရောင်းချလို့ ရတယ်။ အမှည့်သီးကျတော့ ညောင်ရွှေဘက်က    ကုန်သည်တွေက   မယူဘူး။ မန္တလေးဘက်က ကုန်သည်တချို့ကတော့ လာဝယ်တာမျိုးရှိ ပါတယ်ဟု ကိုစိုင်းက ပြောသည်။

ပုံမှန်အားဖြင့် နှစ်စဉ် မေလမှစက်တင် ဘာလအတွင်း   ခရမ်းချဉ်သီးဈေးကောင်း ရရှိပြီး ယခုနှစ်တွင် ခရမ်းချဉ်သီးဈေးကွက်    မတည်မငြိမ်ဖြစ်နေကြောင်း ခရမ်းချဉ်သီး ပွဲရုံများမှ သိရသည်။

နန်းထက်ထက်ချစ်