ထိုင်းနိုင်ငံခရီးသွား လုပ်ငန်းမှ အမြတ်ငွေ ဘတ် ၂ ဒသမ ၃ ထရီလီယံ ရရှိမည်ဟုခန့်မှန်း

ထိုင်းနိုင်ငံခရီးသွား လုပ်ငန်းမှ အမြတ်ငွေ ဘတ် ၂ ဒသမ ၃ ထရီလီယံ ရရှိမည်ဟုခန့်မှန်း

ထိုင်းနိုင်ငံအစိုးရက လာမည့်နှစ်တွင် ခရီးသွားလုပ်ငန်းမှ အသားတင် အမြတ်ငွေအဖြစ် ဘတ် ၂ ဒသမ ၃၈ ထရီလီယံ ရရှိမည်ဟု ခန့်မှန်းထားကြောင်း ထိုင်းခရီးသွား လုပ်ငန်းအာဏာပိုင် အဖွဲ့က ဇူလိုင် ၁၈ ရက်တွင် ပြောသည်။

မျှော်မှန်းထားသည့်  အကောင်းဆုံး အခြေအနေအတိုင်းဖြစ်လာပါက  နိုင်ငံတကာ ခရီးသွားများထံမှ အမြတ်ငွေ ဘတ် ၁ ဒသမ ၅ ထရီလီယံ ရရှိမည်ဖြစ်သည်။

ထို့ပြင်  ပြည်တွင်းခရီးသွားများထံမှ အမြတ်ငွေသည် ဘတ်ဘီလီယံ ၈၈၀ အထိ ရရှိနိုင်ကြောင်း ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ အကြီးအကဲဖြစ်သည့် ယူသာဆက်ဆူပါဆွန်းက ပြောသည်။

ယင်းကဲ့သို့သော  အခြေအနေသည် ကိုဗစ်-၁၉  ကမ္ဘာ့ကပ်ရောဂါ မဖြစ်ပွားမီ အချိန်က ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှ ရရှိသော အမြတ်ငွေ၏ ၈၀ ရာခိုင်နှုန်းခန့် ရှိမည်ဖြစ်ကြောင်း  ၎င်းကဆက်ပြောသည်။

ထိုင်းနိုင်ငံအတွက် လိုအပ်သော ဘဏ္ဍာငွေများကို အများဆုံး ရှာဖွေပေးနိုင်သည့် လုပ်ငန်းမှာ ခရီးသွားလုပ်ငန်းဖြစ်ပြီး ကမ္ဘာ့ကပ်ရောဂါကြောင့် ပိတ်ထားရသည့် အဆိုပါ လုပ်ငန်းကို အဆင့်ဆင့်ပြန်လည် ဖွင့်လှစ်လာရခြင်း ဖြစ်ကြောင်း သိရသည်။