အနောက်အုပ်စုက ယူကရိန်းကို လက်နက်များ ပေးပို့ခြင်းဖြင့် တတိယကမ္ဘာစစ်ဖြစ်အောင် ဖန်တီးနေဟု ဂျာမနီပြော

အနောက်အုပ်စုက ယူကရိန်းကို လက်နက်များ ပေးပို့ခြင်းဖြင့် တတိယကမ္ဘာစစ်ဖြစ်အောင် ဖန်တီးနေဟု ဂျာမနီပြော

အနောက်အုပ်စုက  ယူကရိန်းနိုင်ငံကို လက်နက်များပေးပို့ ထောက်ပံ့ပေးခြင်းအားဖြင့် တတိယကမ္ဘာစစ်ဖြစ်အောင် ဖန်တီးနေကြောင်း ဂျာမနီလွှတ်တော် အမတ်တစ်ဦးက သတိပေးထားသည်။

ယူကရိန်းသို့ပေးပို့သည့် လက်နက်ကြီးများ အရေအတွက်က တဖြည်းဖြည်းမြင့်တက်လာကြောင်း၊ ထို့ပြင် ယူကရိန်းစစ်သည်များကို လေ့ကျင့်ပေးမှုလည်း ပိုမိုလုပ်ဆောင်လာကြောင်း၊ ထိုမှတစ်ဆင့် ဘေးထွက်ဆိုးကျိုး အနေဖြင့် တတိယကမ္ဘာစစ်ဖြစ်လာစေနိုင်ကြောင်း  လက်ဝဲပါတီမှ လွှတ်တော် အမတ်တစ်ဦးဖြစ်သည့် ဆီဗင်ဒက်ဒယ်လန်က ဇူလိုင် ၁၈ ရက်တွင် တရုတ်နိုင်ငံထုတ် Global Timesသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်း၌ ပြောသည်။

အလားတူ ယင်းကဲ့သို့သော အမြင်မျိုးကို   ဂျာမနီပြည်သူ သုံးပုံနှစ်ပုံကလည်း ထင်မြင်ယူဆထားကြောင်း ၎င်းက ဆက်ပြောသည်။ အထူးသဖြင့်  ဗြိတိန်နှင့် အမေရိကန်တို့သည် ကြားခံစစ်နှင့် အင်အားယုတ်လျော့စေသည့် စစ်ပွဲဆင်နွှဲခြင်းကို  တဖြည်းဖြည်းပုံဖော်လာနေကြောင်း၊  ရည်ရွယ်ချက်မှာ ရေရှည်တွင် ရုရှားကိုအင်အား နည်းပါးစေရန်ဖြစ်ကြောင်း၊  ထိုရည်ရွယ်ချက်သာ အောင်မြင်မည်ဆိုပါက  လူသိန်းပေါင်းများစွာ သေဆုံးပြီး  ယူကရိန်းတစ်နိုင်ငံလုံး ပျက်စီးသွားသည်ကိုပင်    လက်ခံရန်ပြင်ဆင်ထားကြောင်း ဆီဗင်ဒက်ဒယ်လန်က ဆိုသည်။

ထို့ပြင် ယူကရိန်း ပဋိပက္ခက ပိုမိုကြာရှည်လေ၊ ကြောက်မက်ဖွယ်ကောင်းသည့် အကျိုးဆက်များက ကမ္ဘာကို ရိုက်ခတ်လေဖြစ်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ညှိနှိုင်းဆွေးနွေးခြင်းဖြင့် အဖြေတစ်ရပ်ကို ရရှိစေရေးအတွက်  သံတမန်ရေး နည်းလမ်းများကို  မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်ကြောင်း   ဂျာမနီလွှတ်တော်အမတ်က ပြောသည်ဟု  သိရသည်။