၁၉ ဇူလိုင် အာဇာနည်နေ့တွင် ပြောကြားသည့် ပြည်သူများ၏ အမှတ်တရ စကားသံများ

၁၉ ဇူလိုင် အာဇာနည်နေ့တွင် ပြောကြားသည့် ပြည်သူများ၏ အမှတ်တရ စကားသံများ

အာဇာနည်ခေါင်းဆောင်ကြီးများဖြစ်သော  ဗိုလ်ချုပ်အောင်ဆန်း၊  ဦးဘဝင်း၊  ဒီးဒုတ်ဦးဘချို၊  မန်းဘခိုင်၊  သခင်မြ၊  ဦးရာဇတ်၊  မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၊  အတွင်းဝန်ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့အား ပြည်သူတစ်ရပ်လုံး၏ ရင်ထဲတွင် အမြဲအမှတ်ရစေရန်နှင့် မျိုးဆက်သစ်လူငယ်များအနေဖြင့် အတုယူကြိုးစား နိုင်ကြစေရန် အာဇာနည်နေ့ အခမ်းအနားများကို နှစ်စဉ်ကျင်းပလျက်ရှိရာ ယခုနှစ် ဇူလိုင် ၁၉ ရက်တွင် (၇၅) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ (၇၅)နှစ်မြောက် အာဇာနည်နေ့တွင် အတွင်းဝန်ရုံး၊ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်နှင့် အာဇာနည်ဗိမာန်တို့သို့ လာရောက်ကြသည့် တာဝန်ရှိသူများနှင့် ပြည်သူများ၏ အမှတ်တရ စကားသံများကို ဖော်ပြလိုက်ပါသည်။

ရဲမှူးကြီးလင်းဦး

(အမှတ်(၂)လုံခြုံရေး ရဲကွပ်ကဲမှု

အဖွဲ့မှူးရုံး)

ကျွန်တော်ကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၂) လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့မှူး ရုံးမှ  ရဲမှူးကြီးလင်းဦး ဖြစ်ပါတယ်။   လုံခြုံရေးက နှစ်စဉ်စီမံချက်ရေးဆွဲပြီး ဆောင် ရွက်ပါတယ်။ အခုက အပိုင်းခုနစ်ပိုင်းနဲ့ ဆောင်ရွက်တာပါ။ အတွင်းဝန်ရုံး(ယခင် ဝန်ကြီးများရုံး)မှာ အလံတင်အခမ်းအနား ကျင်းပပါတယ်။   ဒီအတွက်  တပ်မတော်၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ ဌာနဆိုင်ရာ အဖွဲ့တွေ ပူးပေါင်းပြီး စီမံချက်အတိုင်း ဆောင်ရွက်ပါတယ်။    ဒီနှစ်မှာ ကိုဗစ်-၁၉  ရောဂါ  စည်းကမ်း သတ်မှတ်ချက်နှင့်အညီ   ပြည်သူလူထုကို  အတွင်း ဝန်ရုံးအတွင်းမှာ လာရောက်ကြည့်ရှုလေ့ လာခွင့်ပေးထား တာကြောင့်   လာရောက်ကြည့်ရှုသူတွေရဲ့ လုံခြုံရေးကို   ဦးစားပေး ဆောင်ရွက်ထားပါတယ်။

ဒေါက်တာတင်ဦး

ကျွန်တော်ကတော့ ဒေါက်တာတင်ဦးပါ။ အလံတင်အခမ်းအနားကို တက်ရောက်ပြီး ပါလီမန်အခန်းကို သွားရောက် လေ့လာဖြစ်ပါတယ်။ ပြီးတော့ အတွင်းဝန်ရုံးရဲ့ သမိုင်း ဝင်နေရာဖြစ်တဲ့ အနောက်ဘက်အဆောင် မှာလည်း    အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်တွေ အစည်းအဝေး လုပ်နေတုန်း ကျဆုံးသွားတဲ့ အခန်းကိုကြည့်ရတော့ စိတ်မကောင်းဖြစ်မိ ပါတယ်။ ပစ်ခတ်ပြီး ကျည်ထိထားတဲ့နေရာတွေကို     အဝိုင်းလေးတွေသတ်မှတ်ပြီး ပြသထားတာကိုကြည့်ရတာ   ပိုပြီးတော့ စိတ်မကောင်းဖြစ်မိပါတယ်။

ဦးခင်ဇော်

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို မရောက်တာကြာပါပြီ။ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်အတွက်  လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တဲ့အတွက် မမေ့အပ်ပါဘူး။ မျိုးဆက်သစ်တွေလည်း ဗိုလ်ချုပ်ကို အတုယူ      အားကျသင့်တယ်လို့ ပြောချင်ပါတယ်။  တိုင်းပြည်ရဲ့ခေါင်း ဆောင်တွေကိုမမေ့ဖို့နဲ့   ခေါင်းဆောင် ကောင်းတွေရဲ့ အရည်အချင်းတွေ၊ အတွေး အခေါ်တွေကိုလည်း    ရစေချင်ပါတယ်။ ခေါင်းဆောင် ကောင်းတွေရဲ့ အဆုံးအမကို လိုက်နာရပါမယ်။ အဲဒါမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာမှာပါ။ အဓိကက တိုင်းပြည်

ရဲ့တာဝန်ကို      ပခုံးပြောင်းတာဝန်ထမ်းဆောင်ရမှာဖြစ်တဲ့ လူငယ်တွေကို မျိုးချစ်စိတ်ဓာတ်ရှိစေချင်ပါတယ်။

ဒေါ်သီသီသောင်း

(လက်ထောက်ညွှန်ကြားရေးမှူး

အမျိုးသားပြတိုက်-ရန်ကုန်)

(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို    အထူးခင်းကျင်း ပြသထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝဖြစ်စဉ်တွေကို မြန်မာ-အင်္ဂလိပ်  နှစ်ဘာသာနဲ့ ငယ်ဘဝ၊ တက္ကသိုလ် ကျောင်းသားဘဝ၊ မိသားစုဘဝ၊ နိုင်ငံရေးလောက၊ တပ်မတော်ခေါင်းဆောင် ဘဝဆိုပြီး  အပိုင်းလိုက်ခွဲခြားပြီး ပြသထားပါတယ်။   ဒါ့ပြင်   တပ်မတော်စစ်သမိုင်း ပြတိုက်မှာ ခင်းကျင်းပြသထားတဲ့ဗိုလ်ချုပ် ရဲ့ အသုံးအဆောင် ပစ္စည်းတွေကို  ဘုတ်ပြား ၁၈ ပြားနဲ့ ခင်းကျင်းပြသထားပါတယ်။ ဘဝဖြစ်စဉ်တွေကိုလည်း   ဘုတ်ပြား  ၁၀ ပြားနဲ့  ခင်းကျင်းပြသထားပါတယ်။ ဒီနှစ် ရဲ့ထူးခြားတဲ့ပြကွက်အနေနဲ့   စာမျက်နှာ ၆၃၅ မျက်နှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းပေါင်းချုပ်ကို    ၃၂   လက်မရှိတဲ့ Touch Screen  မှာ ထည့်သွင်းပြီး အများ ပြည်သူတွေကြည့်ရှုနိုင်အောင် ပြသထားပါတယ်။  ဗိုလ်ချုပ်အောင်ဆန်းပုံပါ  ငွေစက္ကူတွေ၊ အကြွေစေ့တွေ၊ တံဆိပ်ခေါင်းတွေကိုလည်း   ပြသထားပါတယ်။  ဒါ့ပြင်  ဗိုလ်ချုပ်ရဲ့သမိုင်းကြောင်းဆိုင်ရာ အချက်အလက်တွေကို  မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ပြသထားပါတယ်။ ဗိုလ်ချုပ်ရဲ့ဈာပနအခမ်းအနားပုံတွေ၊   ဗိုလ်ချုပ်ရဲ့ ရှားပါးဓာတ်ပုံ တွေကိုလည်း ထည့်သွင်းပြသထားပါတယ်။

ဒေါ်အေးအေးဝင်း

(၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ  ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို သင်္ဃန်းကျွန်းမြို့နယ်ကနေ    ပထမဆုံးအကြိမ် လာရောက်လေ့လာတာပါ။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို  လာရောက်လေ့လာရတဲ့အတွက်  ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီး အပြင်မှာ မတွေ့ဖူးတာတွေ  တော်တော်များများတွေ့ရတယ်။ အဲဒီလိုတွေ့မြင်ရတဲ့ အတွက်   ဗိုလ်ချုပ်ကို    အပြင်မှာတကယ် တွေ့နေရတဲ့အတိုင်း ခံစားရပါတယ်။ အဲဒီအတွက်    ဂုဏ်ယူ မိပါတယ်။   ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အောက်ထပ်မှာဆိုရင် ဗိုလ်ချုပ်ပုံပန်းချီကားတွေ၊ ဗိုလ်ချုပ် စာဖတ်တဲ့နေရာတွေ၊ ဗိုလ်ချုပ်ရဲ့ အသုံးအဆောင်ပစ္စည်း တော်တော်များများ လေ့လာခဲ့ရပါတယ်။ ဗိုလ်ချုပ် အသုံးပြုခဲ့တဲ့ ပစ္စည်းတွေကို ထိန်းသိမ်းထားပေးတဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ အရင်က ဗိုလ်ချုပ်အတ္ထုပ္ပတ္တိစာအုပ်တွေ   ဖတ်ဖူးပါတယ်။ တော်တော်လေးလည်း ဗဟုသုတရပါတယ်။ (၇၅)နှစ်မြောက် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို  လာရောက်လေ့လာခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။

ဒေါ်ခင်ဝတ်မှုန်

အရင်နှစ်တွေက အာဇာနည်ဗိမာန်ကို မလာဖြစ်ပါဘူး။ ဒီနှစ်မှာတော့ ခေါင်းဆောင်တွေ ကိုယ့်တိုင်းပြည်အတွက် ကြိုးကြိုးစား စားနဲ့ လုပ်ဆောင်ပေးခဲ့တာကို အမှတ်ရပြီး  လာရောက်ဂါရဝပြုတာပါ။ လွတ်လပ်ရေး မရခင်မှာ ခေါင်းဆောင်တွေ ဒီလိုဖြစ်သွားတဲ့အတွက် ပြန်စဉ်းစားမိရင် ကျွန်မအနေနဲ့ စိတ်မကောင်းဖြစ်မိပါတယ်။

ဒေါ်ကြည်မင်းဌေး

ဇူလိုင် ၁၉ ရက်မှာ ဗိုလ်ချုပ်အောင် ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင် ကြီးတွေကျဆုံးခဲ့ပါတယ်။ ကျွန်မအနေနဲ့ အာဇာနည်ဗိမာန်ကို တစ်ခါမှလာရောက် ဂါရဝမပြုဖူးပါဘူး။ ဒီနေရာမှာ အာဇာနည် ဗိမာန်အထိမ်းအမှတ်ပြုလုပ်ထားလို့ သမီး ဗဟုသုတရအောင် လိုက်ပို့ပေးဖြစ်ပါတယ်။

သတင်းအဖွဲ့(ရန်ကုန်)