COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်ရန် အဝတ်ဖြင့်ပြုလုပ်သော နှာခေါင်းစည်း (Cloth Face Covering) နှင့်ပတ်သက်၍ သိကောင်းစရာများ

သတိပြုရမည့်အချက်များ

၁။ အိမ်တွင်းဖြစ် အဝတ်ပါးစပ်နှင့်နှာခေါင်းစည်းသည် ဝတ်ဆင်သူနှင့်အံဝင်ခွင်ကျ (Fit)  ဖြစ်နေရ ပါမည်။

၂။ အနည်းဆုံးအလွှာနှစ်ထပ်(ချည်သား၊ လီနင်သား (သို့မဟုတ်)နှစ်မျိုးပေါင်းအသား)ရှိရမည်။ အလွှာ နှစ်ထပ်မှာ အရောင်ကွဲရမည်။ အတွင်းနှင့်အပြင် သတ်သတ်မှတ်မှတ် ထားရှိရမည်။

၃။ အဝတ်စမှာ ခပ်စိပ်စိပ်ရက်လုပ်ထားသောချည်ထည် (သို့မဟုတ်) လီနင်သားဖြစ်ရမည်။

ဘယ်အချိန်တွေမှာ ဝတ်ဆင်ရမလဲ၊

အဝတ်ပါးစပ်နှင့် နှာခေါင်းစည်းကို သာမန်ပြည်သူများအနေဖြင့် အိမ်တွင်အမြဲတပ်ဆင်ရန် မလိုအပ် သော်လည်း

၁။ လူထူထပ်သော နေရာများ( ဘတ်စကား၊ လေယာဉ်၊ ဈေးဝယ်စင်တာ၊ အစည်းအဝေး စသည်)ကို သွားရောက်ရခြင်း၊

၂။ လူတစ်ဦးနှင့်တစ်ဦး (၂)မီတာ (၆ ပေ)အကွာအဝေးအတွင်း ပြောဆိုဆက်ဆံရခြင်း၊

၃။ လူတစ်ဦးထက်ပိုပြီး အလုံပိတ်အခန်းတွင် အလုပ်လုပ်ကိုင်ရခြင်း စသည့် အခြေအနေများတွင် စနစ်တကျ အသုံးပြုရမည်။

အဝတ်ပါးစပ်နှင့် နှာခေါင်းစည်း အသုံးပြုခြင်းသည် ခွဲစိတ်ခန်းသုံး ပါးစပ်နှင့်နှာခေါင်းစည်း (Surgical Mask)နှင့် (N95 Mask) ပြတ်လပ်ရှားပါးမှုများကို ပိုမိုလျှော့ချနိုင်ပါသဖြင့် အဆိုပါ Mask များကို မရှိမဖြစ် လိုအပ်သူ ကျန်းမာရေး ဝန်ထမ်းများနှင့် တာဝန်ရှိသူများအတွက် များစွာ အထောက်အကူ ဖြစ်နိုင်ပါသည်။