နျူကလီးယားစစ်ပွဲ ဖြစ်ပွားပါက အနိုင်ရသူမရှိနိုင်ဟု ရုရှားပြော

နျူကလီးယားစစ်ပွဲဖြစ်ပွားပါက အနိုင်ရသူ မရှိနိုင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ RT  နှင့်   Sputnik  သတင်းဌာနတို့နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။

အမေရိကန်နှင့် အနောက်အုပ်စုများက လက်ရှိယူကရိန်းပဋိပက္ခကို ပိုမိုဆိုးဝါးအောင် လုပ်ဆောင်နေ သည့်အတွက် ထိုပဋိပက္ခကို အကြောင်းပြု၍ နျူကလီးယား စစ်ပွဲဖြစ်နိုင်ခြေအပေါ် သတင်းဌာနများ၏ မေးမြန်းမှုကို ဆာဂျီလက်ရော့က ဇူလိုင် ၂၀ ရက်တွင် ယခုကဲ့သို့ ဖြေထားခြင်း ဖြစ်သည်။

ထို့ပြင် နျူကလီးယား စစ်ပွဲဟူသည်မှာ မည်သည့်အခါတွင်မျှ စတင်သင့်သည့်အရာ မဟုတ်ကြောင်း၊ ထိုအချက်သည် ရုရှားအစိုးရ၏ ရပ်တည်ချက်ဖြစ်ကြောင်းနှင့် ထိုရပ်တည်ချက်အပေါ်     ခိုင်ခိုင်မာမာ ရပ်တည်သွားမည်ဖြစ်ကြောင်း ဆာဂျီလက်ရော့က ဆက်ပြောသည်။

ထို့အတူ    ရုရှားနိုင်ငံအနေဖြင့် နျူကလီးယား လက်နက်အသုံးပြုရန် အတင်းအကျပ် ဖိအားပေးခြင်း ခံရမည့် အခြေအနေများနှင့် ပတ်သက်၍ ရုရှားအစိုးရ၌ ကိုယ်ပိုင်မူဝါဒရှိကြောင်း ၎င်းကဆိုသည်။

အဆိုပါ မူဝါဒမှာ နျူကလီးယားလက်နက်များ သို့မဟုတ် အခြားသောအဖျက်စွမ်းအား ပြင်းလက်နက်များဖြင့် ရုရှားနိုင်ငံကို ချိန်ရွယ်လာသည့်အခါ သို့မဟုတ် သမားရိုးကျ လက်နက်များကြောင့် လူ့ဘဝများအပေါ် ခြိမ်းခြောက်မှုဖြစ်စေသည့် အခြေအနေနှင့် ရင်ဆိုင်ရသည့်အခါမျိုးတွင် ရုရှားနိုင်ငံက နျူကလီးယား လက်နက်ကို အသုံးပြုသွားရေး ဖြစ်သည်ဟု ဆာဂျီလက်ရော့က ပြောထားသည်။                                   

Ref: RT