ဥရောပတောင်ပိုင်း ဒေသတစ်ဝန်း တောမီးလောင်မှုများနှင့် ရင်ဆိုင်နေရ

ဥရောပတောင်ပိုင်းဒေသတစ်ဝန်း၌ တောမီးလောင်မှုများနှင့် ရင်ဆိုင်နေရသည့် မီးသတ်တပ်ဖွဲ့နှင့် ကယ်ဆယ်ရေး အဖွဲ့များအနေဖြင့် မီးငြှိမ်းသတ်မှုနှင့်ကယ်ဆယ်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ဆောင် နေရကြောင်း တာဝန်ရှိသူများက ဇူလိုင် ၂၀ ရက်တွင်ပြောသည်။

ဂရိနိုင်ငံ  အေသင်မြို့  မြောက်ပိုင်းရှိ တောင်တန်းများပေါ်၌  ဖြစ်ပွားသည့် တောမီးလောင်မှုက လေပြင်းတိုက်ခတ်မှု များကြောင့်   ပိုမိုလျင်မြန်စွာ ပျံ့နှံ့လာသည့်အတွက်  ဆေးရုံရှိလူနာများ အပါအဝင် လူရာပေါင်းများစွာမှာ  ဘေးကင်းရာနေရာသို့ မဖြစ်မနေရွှေ့ပြောင်း နေရကြောင်း သိရသည်။

အလားတူ အီတလီနိုင်ငံအလယ်ပိုင်းရှိ တောမီးလောင်မှုဖြစ်ပွားရာနေရာ အနီး၌   သိမ်းဆည်းရမိသော ဓာတ်ငွေ့အိုးများ ပေါက်ကွဲမှုကြောင့် လူရာပေါင်းများစွာမှာ ထွက်ပြေးနေရသည်။

ထို့ပြင် အပူချိန်မြင့်တက်မှုများနှင့် လေပြင်းတိုက်ခတ်မှုများက နိုင်ငံ၏ အကြီးဆုံးတောမီးလောင်မှု ငြှိမ်းသတ်ရေးကို ဟန့်တားနေကြောင်း ပေါ်တူဂီနိုင်ငံမြောက်ပိုင်းရှိ မြို့ပြကာကွယ်ရေး အဖွဲ့ခေါင်းဆောင် အာမန်ဒိုဆေဗာက ပြောသည်။

ပေါ်တူဂီနိုင်ငံ မာကာမြို့အနီး ဝန်းကျင်၌ ဇူလိုင် ၁၇ ရက်မှစ၍ တောမီးလောင်မှုများ ဖြစ်ပွားလျက်ရှိရာ ဧရိယာအားဖြင့် ဟက်တာ ၁၀၀၀၀ မှ ၁၂၀၀၀ အထိ မီးလောင်ကျွမ်းသွားပြီဖြစ်သည်။

စပိန်နိုင်ငံတွင်လည်း ဒေသငါးခု၌ တောမီးလောင်မှုများ ဖြစ်ပွားလျက်ရှိရာ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါ တောမီးများကို ငြှိမ်းသတ်နိုင်ရေး  ကြိုးပမ်းနေရသည်။

ထို့အတူ နိုင်ငံအတွင်းအပူချိန်မှာလည်း ဆက်လက်မြင့်တက်လာဖွယ်ရှိကြောင်း အမျိုးသားမိုးလေဝသဌာနက ခန့်မှန်းထားသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း ဥရောပတောင်ပိုင်းဒေသတစ်ဝန်း၌   အပူလှိုင်းရိုက်ခတ်မှုကြောင့် အပူချိန်များ စံချိန်တင် မြင့်တက်မှုနှင့် ရင်ဆိုင်ထားရစဉ် ယခုကဲ့သို့ တောမီးလောင်မှုများ ဖြစ်ပွားလာရခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဗြိတိန်နိုင်ငံအနေဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးကို ယခုထက်ပို၍ မလုပ်ဆောင်နိုင်ပါက အလားတူ အပူလှိုင်းရိုက်ခတ်မှုကို အနည်းဆုံး သုံးနှစ်တစ်ကြိမ် ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်

ကြောင်း ဗြိတိန်မိုးလေဝသဌာနမှ သိပ္ပံနှင့်နည်းပညာ အကြီးအကဲ စတီဖင်ဘယ်ချာက သတိပေးထားသည်ဟု သိရသည်။

Ref: TST