ထိုင်းနိုင်ငံ၌ မျောက်ကျောက်ရောဂါဖြစ်ပွားမှုတွေ့ရှိ လူနာပျောက်ဆုံးနေ

ထိုင်းနိုင်ငံ၌ ပထမဆုံးမျောက်ကျောက် ရောဂါဖြစ်ပွားမှုကို တွေ့ရှိသော်လည်း လူနာမှာပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများ က ဇူလိုင် ၂၂ ရက်တွင်ထုတ်ပြန်သည်။

လူနာသည် အသက် ၂၇ နှစ်ရှိ နိုင်ဂျီးရီး ယားနိုင်ငံသားဖြစ်ပြီး ၎င်းတွင် ထိုရောဂါ ကူးစက်ခံထားရကြောင်း  အဖြေသိရပြီးနောက် ထွက်ပြေးပျောက်ဆုံးသွားခြင်း ဖြစ်သည်။

အဆိုပါနိုင်ဂျီးရီးယားနိုင်ငံသားသည် မျောက်ကျောက်ရောဂါသံသယဖြင့် ဖူးခက်မြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ရုံသို့ လာရောက် စစ်ဆေးစဉ် ထိုရောဂါကူးစက်ခံထားရသည် ကို ဇူလိုင် ၁၈ ရက်တွင် တွေ့ရှိရခြင်းဖြစ်သည်။

ထိုနိုင်ဂျီးရီးယားနိုင်ငံသားသည် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၁ ရက်တွင် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး နိုဝင်ဘာလမှစ၍ ဖူးခက်မြို့ ပါတောင်းအရပ်ရှိ ကွန်ဒို တိုက်ခန်းတစ်ခုတွင် နေထိုင်နေသူဖြစ်သည့်အပြင် ဖျော်ဖြေရေးနေရာများသို့ ရံဖန်ရံခါသွားလေ့ရှိကြောင်း ဖူးခက်ကျန်းမာရေးမှူးက ပြောသည်။ယခုအခါ ထိုင်းတာဝန်ရှိသူများသည် အဆိုပါ နိုင်ဂျီးရီးယား နိုင်ငံသားကို ခြေရာခံလိုက်ရှာနေသည့်အပြင်  ဒေသအတွင်း မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။       

Ref: CNA