နယူးဇီလန်၌ ကိုဗစ်-၁၉ရောဂါကြောင့် သေဆုံးသူ စံချိန်တင်မြင့်တက်

နယူးဇီလန်နိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကြောင့် နောက်တစ်ကျော့ ရောဂါကူးစက်ပျံ့နှံ့မှုနှင့် ရင်ဆိုင်နေရစဉ် ထိုရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူအရေအတွက် စံချိန်တင်မြင့်တက်လာကြောင်း သိရသည်။

ဇူလိုင် ၁၆ ရက်အထိ သီတင်းပတ်တစ်ပတ်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ ၁၅၁ ဦးရှိရာ ထိုပမာဏသည် ပြီးခဲ့သည့်အကျော့ ရောဂါကူးစက်ပျံ့နှံ့မှုအတွင်း သေဆုံးသူအများဆုံး သီတင်းပတ်ဖြစ်သည့် မတ်လအတွင်းကထက် ၃၆ ဦးပိုများနေသည်ကို တွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အလားတူ ပြီးခဲ့သည့်တစ်ရက်တာအတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၂၆ ဦးရှိကြောင်းနှင့် ၎င်းတို့အားလုံးမှာ အသက် ၆၀ အထက်ရှိသူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၂၂ ရက်တွင်ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

နယူးဇီလန်နိုင်ငံ၌ လူဦးရေ ၅ ဒသမ ၁ သန်းသာရှိပြီး အိုမီခရွန်ဗီဇပြောင်းရောဂါပိုး၏မျိုးကွဲဖြစ်သော ဗြ.၅ ရောဂါပိုးကူးစက်မှုနှင့်ရင်ဆိုင်နေရခြင်းဖြစ်သည်။

နယူးဇီလန်နိုင်ငံသည် ယခင်အချိန်များက ကိုဗစ်-၁၉ ရောဂါကို အကောင်းဆုံးထိန်းချုပ် ကာကွယ်နိုင်ခဲ့သည့် စံပြနိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိဖူးပြီး ပြည်သူအများအပြား ကာကွယ်ဆေးထိုးပြီးနောက် ယခုနှစ်တွင် ကိုဗစ်ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ဖယ်ရှားလိုက်သည်။  ထိုအချိန်မှစ၍ ပြည်တွင်း၌  ရောဂါကူးစက်ပျံ့နှံ့မှုများ ပြန်လည်ဖြစ်ပွားလာကြောင်း သိရသည်။

Ref: TST