ကမ္ဘာ့ကျန်းမာရေး အဖွဲ့က မျောက်ကျောက်ရောဂါကို ကမ္ဘာ့အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်

ကမ္ဘာ့ကျန်းမာရေး အဖွဲ့က မျောက်ကျောက်ရောဂါကို ကမ္ဘာ့အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က နိုင်ငံအများအပြားတွင် ဖြစ်ပွားလျက်ရှိသော မျောက်ကျောက်ရောဂါကို ကမ္ဘာ့အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။

မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုသည် ယခုအခါ နိုင်ငံပေါင်း ၇၀ ကျော်ထိပျံ့နှံ့ ရောက်ရှိသွားပြီဖြစ်သည့်အပြင် ရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၆၀၀၀ ကျော်ရှိလာသည့်အတွက်  ကမ္ဘာ့အရေးပေါ် အခြေအနေအဖြစ် ကြေညာရန် လုံလောက်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇူလိုင် ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။

မျောက်ကျောက်ရောဂါသည် များသောအားဖြင့် အာဖရိက အလယ်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် ဖြစ်ပွားလေ့ရှိသော ရောဂါဖြစ်သော်လည်း ယခုနှစ်အတွင်း ဥရောပ၊ မြောက်အမေရိကနှင့် ကမ္ဘာ့နေရာအနှံ့အပြားတို့တွင်  ကူးစက် ပျံ့နှံ့လာခြင်းဖြစ်သည်။

မျောက်ကျောက်ရောဂါကို ကမ္ဘာ့အရေးပေါ် အခြေအနေအဖြစ် ကြေညာလိုက်ခြင်းကြောင့် ထိုရောဂါကူးစက်ပြန့်ပွားမှုသည် သာမန်ထက်လွန်ကဲသော အခြေအနေအဖြစ် သတ်မှတ်နိုင်ကြောင်း၊ ထိုရောဂါသည် နောက်ထပ်နိုင်ငံများစွာ ဆီသို့ ဆက်လက်ကူးစက်ပျံ့နှံ့သွားနိုင်ကြောင်း၊ ထို့အတွက်ကြောင့်  တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ကိုဗစ်-၁၉  ကပ်ရောဂါ၊ ၂၀၁၄ ခုနှစ် အနောက်အာဖရိက အီဘိုလာရောဂါ၊ ၂၀၁၆ ခုနှစ် လက်တင်အမေရိက ဒေသ၌ဖြစ်ပွားသော ဇီကာဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုတို့ကိုလည်း ကမ္ဘာ့အရေးပေါ် အခြေအနေအဖြစ် ကြေညာထားဖူးကြောင်း သိရသည်။