ပူတင်နှင့် အာဒိုဂန်တို့ ဓာတ်ပုံတွဲရိုက်မှုက NATO အတွက်စိန်ခေါ်မှုဖြစ်ဟုဆို

ပူတင်နှင့် အာဒိုဂန်တို့ ဓာတ်ပုံတွဲရိုက်မှုက NATO အတွက်စိန်ခေါ်မှုဖြစ်ဟုဆို

မကြာသေးမီက ထွက်ပေါ်လာခဲ့သည့်  ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တူရကီ သမ္မတ ရီဆပ်တေယစ်အာဒိုဂန်တို့ ဓာတ်ပုံ တွဲရိုက်မှုက NATO တပ်ဖွဲ့အတွက် စိန်ခေါ်မှုဖြစ်ကြောင်း  ဂျာမနီနိုင်ငံခြားရေး ဝန်ကြီး အန်နာလီနာဘဲယာဘော့က ပြောသည်။

အဆိုပါဓာတ်ပုံမှာ မကြာသေးမီက ရုရှား သမ္မတ၏ အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း အီရန်သမ္မတ၊ တူရကီသမ္မတတို့နှင့် ဆွေးနွေး ပွဲအပြီးတွင် တွဲရိုက်ထားသည့် ဓာတ်ပုံဖြစ်သည်။ ထိုဓာတ်ပုံတွင် တစ်ဦးနှင့်တစ်ဦး လက်ချင်းချိတ်ထားပြီး ပြုံးရယ်နေသည်ကို လည်း တွေ့ရသည်။

ယင်းဓာတ်ပုံကို NATO အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ အမြင်နှင့် ကြည့်မည်ဆိုပါက နားမလည်နိုင်သော အရာထက်ပင်ပိုကြောင်း ဂျာမနီနိုင်ငံခြားရေး ဝန်ကြီးက ဇူလိုင် ၂၃ ရက် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြော သည်။

တူရကီနိုင်ငံသည် တစ်ဖက်တွင် NATO တပ်ဖွဲ့ဝင် နိုင်ငံဖြစ်သော်လည်း အခြားတစ်ဖက် တွင်မူ ဘက်မလိုက်နိုင်ငံအဖြစ် ရပ်တည်ကာ တပ်ဖွဲ့က ရန်ဘက်အဖြစ် သတ်မှတ်ထားသည့် ရုရှားအစိုးရနှင့် နီးကပ်သော ဆက်ဆံရေးကို ထူထောင်ထားသည့်အတွက် အဆိုပါ ဓာတ်ပုံက NATO တပ်ဖွဲ့အတွက် စိန်ခေါ်မှုဖြစ်နေသည်ဟု  ၎င်းကပြောခြင်း ဖြစ်သည်။