ယူကရိန်းမှ ကောက်ပဲသီးနှံများ ပြန်လည်တင်ပို့ရေး သဘောတူညီချက်က လူ့အသက်များစွာကို ကယ်နိုင်မည်ဟုဆို

ယူကရိန်းမှ ကောက်ပဲသီးနှံများ ပြန်လည်တင်ပို့ရေး သဘောတူညီချက်က လူ့အသက်များစွာကို ကယ်နိုင်မည်ဟုဆို

ယူကရိန်းနိုင်ငံမှ ကောက်ပဲသီးနှံများကို ကမ္ဘာ့ဈေးကွက်သို့ ပြန်လည်တင်ပို့နိုင်ရေးအတွက် ရုရှား၊ တူရကီ၊ ယူကရိန်းနှင့် ကုလသမဂ္ဂတို့က ဇူလိုင် ၂၂ ရက်တွင် အစ္စတန်ဘူမြို့၌ လက်မှတ်ထိုးလိုက်သည့် သဘောတူညီချက်သည် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ညွှန်ကြားရေးမှူးချုပ် ရောဘတ်မာဒီနီကပြောသည်။

ထို့ပြင်လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခနှင့် ရာသီဥတုပြောင်းလဲမှုများ၏ ရိုက်ခတ်မှုဒဏ်ကို နေရာတိုင်းက ခံစားနေရကြောင်း ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့်ခြောက်လတာ ကာလအတွင်း ဈေးကွက် အခြေအနေများကို လေ့လာစောင့်ကြည့်မှုများ လုပ်ဆောင်ခဲ့ရာ စားနပ်ရိက္ခာဈေးနှုန်းများက ပြီးခဲ့သည့်အလားတူ ကာလနှင့် နှိုင်းယှဉ်လျှင် ဆူဒန်နိုင်ငံတွင် ၁၈၇ ရာခိုင်နှုန်း၊ ဆီးရီးယားတွင် ၈၆ ရာခိုင်နှုန်း၊ ယီမင်တွင် ၆၀ ရာခိုင်နှုန်းနှင့် အီသီယိုးပီးယားတွင် ၅၄ ရာခိုင်နှုန်း မြင့်တက်လာသည်ကို တွေ့ရကြောင်း ကြက်ခြေနီအဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယခုလက်မှတ်ရေးထိုးလိုက်သည့် သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ရုရှား-ကုလသမဂ္ဂ နားလည်မှုစာချွန်လွှာအရ ရုရှားနိုင်ငံမှ စိုက်ပျိုးရေး ထုတ်ကုန်များနှင့် ဓာတ်မြေသြဇာများ တင်ပို့ခွင့်မရရှိအောင် တားမြစ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပေးရေးအတွက်  ကုလသမဂ္ဂက ဦးတည်လုပ်ဆောင်ရမည်ဖြစ်သည်။

နောက်ထပ် သဘောတူညီချက်တစ်ခုမှာ ယူကရိန်းလက်အောက်ရှိ ပင်လယ်နက်ဆိပ်ကမ်းမှ နေ၍ ကောက်ပဲသီးနှံများ တင်ပို့ရေးအတွက် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲသွားရေးဖြစ်သည်။

ရုရှား၊ တူရကီနှင့် ကုလသမဂ္ဂတို့ကြား ရရှိထားသည့် သဘောတူညီချက်တစ်ခုမှာမူ သုံးနိုင်ငံနှင့်တစ်ဖွဲ့တို့ကြား ပူးပေါင်းဆောင်ရွက်မှု ဌာနထူထောင်ရန်ဖြစ်ပြီး ထိုဌာနအနေဖြင့် လက်နက်ခဲယမ်း မှောင်ခိုကူးမှုများကို တားဆီးကာကွယ်နိုင်ရေး အတွက် ကောက်ပဲသီးနှံ သယ်ယူပို့ဆောင်သည့် သင်္ဘောများကို စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။