ယခုနှစ်မိုးသီးနှံ စိုက်ပျိုးရာသီတွင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ကြံ ၁၄၀၃၁၄ ဧက စိုက်ပျိုးပြီးစီး

ယခုနှစ်မိုးသီးနှံ စိုက်ပျိုးရာသီတွင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ကြံ ၁၄၀၃၁၄ ဧက စိုက်ပျိုးပြီးစီး

ယခုနှစ်မိုးသီးနှံ စိုက်ပျိုးရာသီတွင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ကြံ ၁၄၀၃၁၄ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း    စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ကြံကို  ၂၀၂၂  ခုနှစ် ဧပြီလမှစတင်စိုက်ပျိုးခဲ့ရာ ဇူလိုင်တတိယပတ်အထိ ကြံ ၁၄၀၃၁၄  ဧက  စိုက်ပျိုးပြီးစီးနေပြီ ဖြစ်သည်။

“ကြံကို စစ်ကိုင်းတိုင်း ဒေသကြီး ကသာနဲ့   ထီးချိုင့်မြို့နယ်ဘက်မှာ   စီးပွားဖြစ် စိုက်ပျိုးကြတယ်။  အဲဒီဘက်မှာ  သကြားစက်ရုံရှိတယ်။ နောက်ထပ်လည်း သကြားစက်ရုံနဲ့ ညှိနှိုင်းပြီး ဝယ်ယူနိုင်တဲ့ ပမာဏ၊   ထုတ်လုပ်နိုင်တဲ့ ပမာဏကိုကြည့်ပြီး အထွက်နှုန်းတိုးတဲ့ ကြံတွေကို မျိုးပြောင်းပြီး စိုက်ပျိုးနေပါတယ်” ဟု  စစ်ကိုင်းတိုင်းဒေသကြီး   စိုက်ပျိုးရေး ဦးစီးဌာနဦးစီးမှူး ဦးဝင်းလှိုင်ဦး ကပြောသည်။

ကြံစိုက်ပျိုးပြီးစီးမှုအနေဖြင့် တမူးခရိုင်၌ ၁၄၂ ဧက၊ ခန္တီးခရိုင်၌ ၄၉ ဧက၊ မုံရွာခရိုင်၌ ၁၀ ဧက၊ ရွှေဘိုခရိုင်၌ ဧက ၈၇၉၀၊ ကန့်ဘလူခရိုင်၌ ၂၄၄၉ ဧက၊ ကသာခရိုင်၌  ၁၂၇၂၃၁  ဧက၊  ကောလင်းခရိုင်၌ ၁၆၄၃ ဧက စုစုပေါင်း ၁၄၀၃၁၄ ဧက စိုက်ပျိုး ပြီးစီးနေပြီဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင်   ကသာခရိုင်နှင့် ကန့်ဘလူခရိုင်တို့၌ ကြံစိုက်ပျိုးမှု အများဆုံးဖြစ်ကြောင်း၊ ကြံစိုက်ပျိုးရာတွင် တစ်ဧကလျှင်   ကုန်ကျစရိတ် အနေဖြင့်  ပထမအကြိမ်  စတင်စိုက်ပျိုးရာတွင်သာ ငွေကျပ် ခြောက်သိန်းနှင့် ခုနစ်သိန်းကြား ကုန်ကျကြောင်း သိရသည်။

 ဈေးကွက်အနေဖြင့် ထီးချိုင့်မြို့နယ် မောင်းကုန်းသကြားစက်နှင့်   ကန့်ဘလူ မြို့နယ် ဇီးကုန်းသကြားစက်များမှ ဝယ်ယူနေသကဲ့သို့ တောင်သူများ အနေဖြင့်လည်း ကိုယ်တိုင်ကြံကြိတ်ကာ   သကာအဖြစ်   ရောင်းချမှုများ ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၌ ကြံစိုက်ပျိုးရာတွင်   K-95/84၊ နဝဒေး-၄၊ ဖော်မိုဇာ၊ ဆင်းရွှေလီမျိုးများကို စိုက်ပျိုးကြကာ မိုးစိုက်နှင့် ရေတင်စိုက်များကိုလည်း ဦးစားပေး စိုက်ပျိုးကြောင်း သိရသည်။