ပြည်ကြီးတံခွန်မြို့နယ်ရှိ “မောသစ်”ရွှေဆိုင်အား အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများနှင့် ငွေများလုယက်ယူဆောင်

ပြည်ကြီးတံခွန်မြို့နယ်ရှိ “မောသစ်”ရွှေဆိုင်အား အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများနှင့် ငွေများလုယက်ယူဆောင်

နေပြည်တော်၊ ဇူလိုင် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ “မောသစ်”ရွှေဆိုင်အား အကြမ်းဖက် သမားများက သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများနှင့် ငွေများအား လုယက် ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်နေ ဦးစိုင်းဆေပန်ခ(၃၈)နှစ် (ဘ)ဦးစိုင်းမြင့်ဖေ ပိုင်ဆိုင်သည့် ၁၂၅ လမ်း၊ ၅၈ လမ်းနှင့် ၅၉ လမ်းကြား (စ)ရပ်ကွက်ရှိ “မောသစ်ရွှေဆိုင်”သို့ အကြမ်းဖက်သူ အမျိုးသား ၂ ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ရွှေဆိုင်အတွင်းသို့ ဝင်ရောက်၍ သေနတ်ဖြင့် ၃ ချက်ခန့်ပစ်ခတ်ခြိမ်းခြောက်ကာ ရွှေဆိုင်အရောင်းကောင်တာအတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ ၁၀၅ ကျပ်သားခန့်နှင့် ငွေကျပ်သိန်း ၆၀ ကျပ်၊ စုစုပေါင်းတန်ဘိုး ငွေကျပ် ၂,၂၆၅ သိန်းခန့်အား လုယက်ယူဆောင်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက  သွားရောက်စစ်ဆေးခဲ့ရာ အကြမ်းဖက်သမားများ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဆိုင်အတွင်းရှိနေသည့် ရွှေဆိုင်လုံခြုံရေး ဝန်ထမ်းဖြစ်သူ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်နေ ဦးဖြိုးမင်းစိုး(၃၇)နှစ် (ဘ)ဦးခင်မောင်စိုးတွင် ဝဲခြေဖမိုးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး အခင်းဖြစ်နေရာအနီးမှ G.F.L Auto 380 ကျည်ခွံ ၃ ခု အားတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။

အထက်ပါဖြစ်စဉ်မှ ရွှေဆိုင်အား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများ နှင့် ငွေများ လုယက်ယူဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။