အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ ထိုင်းနိုင်ငံသို့ထွက်ခွာ

အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ ထိုင်းနိုင်ငံသို့ထွက်ခွာ

ရန်ကုန် ဇူလိုင် ၂၅

ထိုင်းနိုင်ငံတွင်ကျင်းပမည့် အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံ တက္ကသိုလ် အားကစားအဖွဲ့ ပထမအသုတ်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှလေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့     ထွက်ခွာသွားကြသည်။

မြန်မာအားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားသမားများ၏ မိဘဆွေမျိုးများနှင့် တာဝန်ရှိသူတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အားကစားအဖွဲ့အား လေဆိပ်သို့ လိုက်ပါပို့ဆောင်စဉ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက အားကစားသမားများနှင့် နည်းပြအုပ်ချုပ်သူများအတွက် ချီးမြှင့်ထောက်ပံ့ငွေများအား အားကစားအဖွဲ့ခေါင်းဆောင်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်  ဒုတိယဝန်ကြီးတို့က ကိုယ်စားပေးအပ်ကြကာ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

ထိုင်းနိုင်ငံသို့ ယနေ့ထွက်ခွာသည့် မြန်မာအားကစားအဖွဲ့တွင် ပါမောက္ခချုပ်ဒေါက်တာကြည်ရွှင် ဦးဆောင်သော မြားပစ် အားကစား အဖွဲ့နှင့် ပါမောက္ခချုပ် ဒေါက်တာ ချစ်စိန် ဦးဆောင်သော ဘောလုံးအားကစားအဖွဲ့တို့မှနည်းပြများ၊ အားကစားသမားများ စုစုပေါင်း   ၃၄ ဦး လိုက်ပါသွားကြသည်။

အဆိုပါ အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအား ထိုင်းနိုင်ငံ အူဘွန်းရချဌာနီမြို့နှင့် အခြား ဆက်စပ်မြို့ များတွင် ဇူလိုင် ၂၆ ရက်မှ သြဂုတ် ၆ ရက်ထိကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံတက္ကသိုလ် အားကစားအဖွဲ့များအနေဖြင့် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ မြားပစ်နှင့် ဝူရှူးအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။  

ဝန်းရံခ