ရောဂါပိုး ကူးစက်မှု ထိန်းချုပ်နိုင်ရေး အတွက် ချဉ်းကပ်မှုပုံစံအသစ် လုပ်ဆောင်လာသည့် သြစတြေးလျ

သြစတြေးလျနိုင်ငံရှိ ဒုတိယမြောက် လူဦးရေ အထူထပ်ဆုံးသော ပြည်နယ်ဖြစ်သည့်  ဗစ်တိုးရီးယား ပြည်နယ်၌ နိုဗယ်ကိုရိုနာဗိုင်းရပ်ပိုးကူးစက်မှု မြင့်တက်နေစဉ် အစိုးရက ရောဂါပိုးကူးစက်မှု ထိန်းချုပ် နိုင်ရေးအတွက် ချဉ်းကပ်မှုပုံစံအသစ်တစ်မျိုး လုပ်ဆောင်ရန်  စီစဉ်ခဲ့သည်။ အဆိုပါ လုပ်ဆောင်မှုမှာ ပြည်သူများ ရောဂါပိုးကူးစက်ခံထားရခြင်း ရှိ၊ မရှိကို စောင့်ကြည့်သည့် စင်တာများ၌ လက်နက်ကိုင် တပ်ဖွဲ့မှ စစ်သည်များအား ဖြန့်ကြက်ရန်စီစဉ်ခြင်း ဖြစ်သည်။

ထို့ပြင် အစိုးရက ရောဂါပိုးကူးစက်မှု ထိန်းချုပ်ရေးအတွက် ချမှတ်ထားသည့် ကန့်သတ်ချက်များကို ချိုးဖောက်သည့် မည်သူ့ကိုမဆို ကြီးလေးသည့်ဒဏ်ငွေများ ချမှတ်မည်ဟု ပြည်နယ်အစိုးရက ပြီးခဲ့ သည့်ရက်သတ္တပတ်အတွင်းက ထုတ်ပြန်သည်။ တစ်နည်းအားဖြင့်ဆိုရပါမူ လက်နက်ကိုင်တပ်ဖွဲ့မှ စစ် သည်များအနေဖြင့် အဆိုပါစင်တာများ၌ သီးခြားစီခွဲ၍စောင့်ကြည့်မည်ဖြစ်ပြီး ချမှတ်ထားသည့် အသွား အလာကန့်သတ်မှုများကို ချိုးဖောက်ပါက အရေးယူမှုများ လုပ်ဆောင်မည်ဟု ဆိုသည်။

စောင့်ကြည့်ရေးစင်တာများ၌ သီးခြားခွဲ၍ စောင့်ကြည့်မှုများကို တိုးမြှင့်လုပ်ဆောင်ရန် လက်နက်ကိုင် တပ်ဖွဲ့မှ စစ်သည် ၂ဝဝဝ အား ဖြန့်ကြက်မည်ဖြစ်ပြီး အသွားအလာကန့်သတ်မှုကို ချိုးဖောက်သူများ အား သြစတြေးလျဒေါ်လာ ၅ဝဝဝ ချမှတ်မည်ဖြစ်သည်ဟု ပြည်နယ်ဝန်ကြီးချုပ်   ဒန်းနီယယ်အင်ဒရူး ကပြောကြားသည်။

ရဲတပ်ဖွဲ့က ရောဂါပိုးကူးစက်မှု ထိန်းချုပ်ရေးအတွက် ပါဝင်လုပ်ဆောင်ရာတွင် တစ်ခါတစ်ရံ၌ လူ့မလိုင် များဟု ခေါ်ဆိုသူများထံမှ အကြမ်းဖက်ခုခံမှုများနှင့် တွေ့ကြုံလာပြီးနောက်  အစိုးရက စောင့်ကြည့် ရေးစင်တာများ၌ လက်နက်ကိုင်တပ်ဖွဲ့မှ စစ်သည်များကို ချထားရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ အဆိုပါ လူ့မလိုင်များသည် သူတို့ကိုယ်သူတို့ ဥပဒေ၏ အထက်တွင်ရှိသည်ဟု ယူဆထား သူများဖြစ်ကြသည်။ လူ့ရေပေါ်ဆီများထံမှ ထွက်ပေါ်လာသည့် စိန်ခေါ်မှုများသည် ရဲတပ်ဖွဲ့ဝင်များ ရင်ဆိုင်နေရသည့်အခက်အခဲနှင့် အဟန့်အတားများဖြစ်သည်ဟု သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ရဲမင်းကြီး ရှိန်းပက်တန်က ပြောကြားခဲ့သည်။

ကမ္ဘာ့နိုင်ငံများ၌ ရောဂါပိုးကူးစက်မှုကို အထိရောက်ဆုံး ထိန်းချုပ်နိုင်ခဲ့သည့် နိုင်ငံများတွင် သြစတြေး လျက ထိပ်တန်းမှ ရပ်တည်နေခဲ့သော်လည်း ယခုအခါ အခြေအနေမှာ ပြောင်းလဲလာပြီဖြစ်သည်။ အစိုးရသည် နိုင်ငံအတွင်း အထူးသဖြင့် ဗစ်တိုးရီးယားပြည်နယ်၌ ဖြစ်ပွားနေသည့် ရောဂါပိုးကူးစက်မှု များ ထိန်းချုပ်နိုင်ရေးအတွက် ရုန်းကန်ကြိုးပမ်းနေရသည်။ ပြည်နယ်အစိုးရက ရောဂါပိုးကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက် ညမထွက်ရအမိန့်ကို အစောပိုင်းက ပြန်လည်ထုတ်ပြန်ခဲ့ရပြီး တင်းကျပ် သည့်အသွားအလာကန့်သတ်မှုများကို ပြန်လည်ချမှတ်ခဲ့ရသည်။ ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းများ ကိုလည်း ပိတ်ပစ်ရန် အမိန့်ထုတ်ပြန်ခဲ့ရသည်။

ယခင်က ရက်သတ္တပတ်ပေါင်းများစွာ ပြည်နယ်အတွင်း၌ ရောဂါပိုးကူးစက်မှု မြင့်တက်လာခြင်း မရှိ သော်လည်း နိုင်ငံ၏စီးပွားရေး ပြန်လည်နာလန်ထူလာစေရေးအတွက် အစိုးရက တင်းကျပ်မှုများနှင့် ကန့်သတ်ချက်များကိုဖယ်ရှားပြီး ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာမှ ရောဂါပိုးကူးစက်မှု မြင့်တက်လာခြင်းဖြစ် သည်။ ထို့ပြင် ရောဂါပိုးထပ်မံကူးစက်ခံရသူ သုံးပုံတစ်ပုံနီးပါးခန့်သည် ၎င်းတို့၏နေအိမ်များ၌ သီးခြား ခွဲ၍ စောင့်ကြည့်မှုခံယူသူများ မဟုတ်သောကြောင့် အသွားအလာကန့်သတ်မှု ချိုးဖောက်သူများအပေါ် ပြင်းထန်သည့် ပြစ်ဒဏ်များချမှတ်ရန် လိုအပ်လာသည်ဟု အစိုးရက ယူဆထားသည်။ အစိုးရက ချမှတ် ထားသည့် အသွားအလာကန့်သတ်မှုမှ ကင်းလွတ်ခွင့်ရသူများမှာ အရေးပေါ် ဆေးကုသမှုခံယူရန် လို အပ်နေသူများဖြစ်ပြီး လက်ရှိတွင် ကျန်ပြည်သူအားလုံးမှာ အသွားအလာကန့်သတ် ခံထားရသည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ပြည်နယ်အတွင်း၌  လူ ၄၇၁ ဦး ရောဂါပိုးထပ်မံ ကူးစက်ခံခဲ့ရပြီး သြဂုတ် ၆ ရက်မှစ၍ လူရှစ်ဦး ထပ်မံသေဆုံးခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် တစ်နိုင်ငံလုံးတွင် ရောဂါပိုးကူးစက် ခံရသူဦးရေ ၂ဝဝဝဝ ကျော် မြင့်တက်လာပြီး ဗစ်တိုးရီးယားပြည်နယ် တစ်ခုတည်း၌ပင် ရောဂါပိုးကူး စက်ခံထားရသူစုစုပေါင်း ၁၃ဝဝဝ ခန့်ရှိသည်။ ရောဂါပိုးကူးစက်မှုကြောင့် နိုင်ငံအတွင်းရှိ သေဆုံးသူ အရေအတွက်မှာ လက်ရှိအချိန်၌ ၂၅၅ ဦးအထိ မြင့်တက်လာသော်လည်း ယင်းပမာဏသည် တခြား ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နှိုင်းယှဉ်ပါက လူသေဆုံးမှုနှုန်းမှာ နည်းပါးနေဆဲဖြစ်သည်။

ဗစ်တိုးရီးယားပြည်နယ်အတွင်းရှိ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများကို ပိတ်ပစ်ရန် အမိန့်ပေးထားခြင်း ကြောင့် အလုပ်သမားများ ထိခိုက်နစ်နာမည့်အဖြစ်ကို ရှောင်ရှားနိုင်ရန်  ယင်းပြည်နယ်ရှိ  အလုပ်သမား ထက်ဝက်နီးပါးခန့်ကို ထောက်ပံ့သည့် အနေဖြင့် အစိုးရက လုပ်ခပေးအပ်မည်ဖြစ်သည်။ ပြည်နယ်အ တွင်းရှိ ဒုတိယအကြီး ဆုံးမြို့ကြီးဖြစ်သည့် မဲဘုန်းမြို့၌ အသွားအလာကန့်သတ်မှုကို မကြာသေးမီက စတင်ချမှတ်ခဲ့ခြင်းကြောင့် မြို့သူ၊ မြို့သား ငါးသန်းခန့်မှာ မိမိတို့၏နေအိမ်များ၌သာ နေထိုင်ရမည်ဖြစ် သည်။  မြို့တွင်းရှိ ဈေးဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများကိုလည်း ပိတ်ထားရမည်ဖြစ်သောကြောင့် မြို့တွင်းနေထိုင်သည့် အလုပ်သမားများ စီးပွားရေးအရ အခက်အခဲမဖြစ်စေရန် အစိုးရက နှစ်ပတ်လျှင် တစ်ကြိမ်အဖြစ် ဒေါ်လာ ၁၅ဝဝ ပေးမည့်အစီအစဉ်တစ်ရပ်ကို ရေးဆွဲချမှတ်ထားသည်ဟု ဘဏ္ဍာရေး ဝန်ကြီး ဂျော့ဖရိုင်ဒါဘာ့က ပြောကြားသည်။

ထို့ကြောင့် မြို့အတွင်းရှိ အလုပ်သမားများအနေဖြင့် အစိုးရက ချမှတ်သည့် ကန့်သတ်ချက်များကို လိုက်နာရန် လိုအပ်မည်ဖြစ်သည်။ အစိုးရသည် အလုပ်သမားများအား ထောက်ပံ့ကြေးလစာပေးအပ် မည့် အစီအစဉ်ကို ၂ဝ၂၁ ခုနှစ် မတ်လအထိ အကောင်အထည်ဖော်ဆောင်ရန် စီစဉ်ထားရာ ထောက်ပံ့ ကြေးအဖြစ် စုစုပေါင်းဒေါ်လာ ၃၂ ဒသမ ၄ ဘီလီယံ  အသုံးပြုမည်ဖြစ်သည်။  အစိုးရ၏ထောက်ပံ့ကြေး ပေးအပ်မည့်အစီအစဉ်သည် အလုပ်သမားများအတွက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်သော်လည်း ဆယ် စုနှစ် သုံးခုအတွင်း ပထမဆုံးအကြိမ်အဖြစ် စီးပွားရေးကျဆင်းမည့် အလားအလာနှင့် ရင်ဆိုင်နေရသည့် သြစတြေးလျနိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုး တစ်ရပ်ဖြစ်လာနိုင်သည်။

ထို့ကြောင့် အချုပ်အားဖြင့်ဆိုရပါမူ ရောဂါပိုးကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက် အစိုးရကဖော်ဆောင် မည့် ချဉ်းကပ်မှု ပုံစံအသစ်များသည် ရောဂါပိုးကူးစက်မှု လျှော့ချရန်နှင့် အလုပ်သမားများ နစ်နာမှု မရှိစေရန် ဦးတည်လုပ်ဆောင်နေခြင်းဖြစ်သော်လည်း ရေရှည်တွင် ကျဆင်းနေသည့် နိုင်ငံ့စီးပွားရေး အတွက် အခက်အခဲတစ်ရပ်ဖြစ်လာမည့် အခြေအနေရှိကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ဇေယျဘုန်း