မန္တလေးဆိပ်ကမ်းမှ ရန်ကုန် မုံရွာ ကသာ ထီးချိုင့် စသည့်မြို့တို့သို့ ကုန်စည်တင်ပို့မှု ၂၀ ရာခိုင်နှုန်းခန့် မြင့်တက်

မန္တလေးဆိပ်ကမ်းမှ ရန်ကုန် မုံရွာ ကသာ ထီးချိုင့် စသည့်မြို့တို့သို့ ကုန်စည်တင်ပို့မှု ၂၀ ရာခိုင်နှုန်းခန့် မြင့်တက်

မန္တလေး  ဇူလိုင်  ၂၇

ဧရာဝတီမြစ်အတွင်း မြစ်ရေများချိန်ကာလတွင် မန္တလေးဆိပ်ကမ်းမှ ရန်ကုန်၊ မုံရွာ၊ ကသာ၊ ထီးချိုင့်  စသည့်မြို့တို့သို့ ကုန်စည်တင်ပို့မှု  ၂၀  ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း မန္တလေးတိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များ   စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမောင်ထံမှ သိရသည်။

မန္တလေးဆိပ်ကမ်းမှ ဆန်၊ ကြက်သွန်၊ ဆီ၊ ဆား၊ ငရုတ်၊  ငါးပိ၊ ငါးခြောက် အပါအဝင်  အဝတ်အထည်၊ တခြားလူသုံးကုန် နှင့် အလှကုန်ပစ္စည်းများကို ရန်ကုန်၊ မုံရွာ၊ ရွှေဘို၊ သပိတ်ကျင်း၊ ရွှေကူ၊ ကသာ၊ ထီးချိုင့်၊ ဗန်းမော်၊ မြစ်ကြီးနား စသည့်မြို့ကြီးများသို့ တင်ပို့နေခြင်းဖြစ်သည်။

“အခုက မြစ်ရေများချိန်ကာလဖြစ်တော့ ရေလမ်းကြောင်း တစ်လျှောက် သောင်ထွန်း တာတွေမရှိတာကြောင့် ကုန်တင်သင်္ဘောတွေ အချိန်ကြန့်ကြာမှုမရှိဘဲ အဆင်ပြေစွာ သွားလာနိုင်ပါတယ်။ ဒါကြောင့်   လတ်တလော  မန္တလေး ဆိပ်ကမ်းကနေ တခြားမြို့တွေကို ကုန်စည်တင်ပို့မှုတွေ တော်တော်လေး ပြန်များလာတယ်”ဟု ဦးဝင်းမောင်က ပြောသည်။

မန္တလေးဆိပ်ကမ်းမှ  ရန်ကုန်၊  မုံရွာ၊ ကသာ၊ ထီးချိုင့်နှင့်  ဗန်းမော် စသည့်မြို့များသို့  ဆန်၊  ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊  ငါးပိ၊  ငါးခြောက်၊  ဆီ၊  ဆား စသည့်ကုန်စည်များ တင်ပို့မှုမှာ ဇူလိုင်ပထမပတ်က ၆၀ ရာခိုင်နှုန်းခန့်သာ ရှိခဲ့သော်လည်း လက်ရှိတွင် ၈၀ ရာခိုင်နှုန်းခန့်အထိ ရှိလာပြီး နှစ်ပတ်တာ ကာလအတွင်း ကုန်စည်တင်ပို့မှု ၂၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာခြင်းဖြစ်သည်။

မန္တလေးဆိပ်ကမ်းမှ    တခြားမြို့များသို့ ကုန်ပစ္စည်းများ တင်ပို့သည့်    ကုန်တင်သင်္ဘော အစင်းရေ ၄၀၀ ကျော်ရှိပြီး ခရီးသည်နှင့် ကုန်စည်တင်ဆောင် ပြေးဆွဲနေသည့် ရှပ်ပြေးရေယာဉ် အစင်းရေ ၃၀၀ ကျော် ရှိကြောင်း သိရသည်။