မြို့နယ်အချို့၌ PDF အမည်ခံအကြမ်းဖက်သမားများက ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

မြို့နယ်အချို့၌ PDF အမည်ခံအကြမ်းဖက်သမားများက ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

နေပြည်တော်၊ ဇူလိုင် ၂၉

NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်း များ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦ များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်း အဓမ္မလုယူ ခြင်း စသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇူလိုင်လ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ သေတ္တရာကျေးရွာနေ ပုလဲအခြေခံပညာအထက်တန်း ကျောင်းမှ အလယ်တန်းပြကျောင်းဆရာဖြစ်သူ ဦးစိုင်းမင်းလတ်(၃၈)နှစ် (ဘ)ဦးဘရွှေသည် ၎င်း၏ နေအိမ်၌ ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမားများ ရောက်ရှိလာပြီး ဦးစိုင်းမင်းလတ်အား သေနတ်၊ ဓားများဖြင့် ဝိုင်းဝန်းပစ်ခတ်ထိုးခုတ်ခဲ့သဖြင့် ဦးစိုင်းမင်းလတ်တွင် သေနတ်၊ ဓားဒဏ်ရာများရရှိခဲ့၍ ဆေးဝါးကုသနိုင်ရေး တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အလားတူ ည ၇ နာရီ ၄၅ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ အောင်ဆန်းရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရုံး၌ လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ရုံးပြတင်းပေါက်မှန်များ ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။

၎င်းအပြင် တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့နယ်၊ ကညုံရပ်ကွက်၊ မြေတိုက်ကျောင်းလမ်းရှိ ကညုံအခြေခံပညာမူလတန်း ကျောင်းရှေ့ လမ်းပေါ်၌လည်းကောင်း၊  ထားဝယ်မြို့နယ်၊ ဟိန္ဒားကျေးရွာနေ ဦးကြည်ထွန်း (၅၀)နှစ် (ဘ)ဦးထွန်းကြည်နှင့် တစ်ရွာတည်းနေ အလယ်တန်းပြကျောင်းဆရာမဖြစ်သူ ဒေါ်နီနီဆင့် တို့၏နေအိမ်ရှေ့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ တွင်းများကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်းခွဲရှိ ကျောင်းရုံးခန်းဝင်ပေါက်တံခါးမကြီး၏ အောက်ခြေအခင်း ပေါ်၌ လည်းကောင်း ခြိမ်းခြောက်စာများတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ခြိမ်းခြောက်စာသားများရေးသားထားသည့် စာစောင်များအား တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်း ခဲ့ကြောင်းနှင့် အနီးပတ်ဝန်းကျင်တို့၌ မိုင်းရှင်းလင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၁၀ နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ အမှတ် (၁၀)ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝင်းနေ အထက်တန်းပြဆရာမဖြစ်သူ ဒေါ်ဝါဝါရွှေ(၄၀)နှစ် (ဘ)ဦးလှရွှေအား PDF အမည်ခံ အကြမ်းဖက်သူ အမျိုးသား ၁ ဦးက ဖုန်းဖြင့် ဆက်သွယ်၍ ခြိမ်းခြောက်ခြင်းနှင့် ငွေတောင်းခံခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးအနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန် အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအပေါ် ဝိုင်းဝန်း ဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ အနာဂတ်ရင်သွေး ငယ်များ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားကြောင်း သတင်း ရရှိသည်။