ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း) ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း) ကြည့်ရှုစစ်ဆေး

နေပြည်တော်  သြဂုတ်  ၁

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊  တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊  တာဝန်ရှိသူများနှင့် အတူဇူလိုင် ၃၀ ရက် နံနက်ပိုင်းက  ဧရာဝတီတိုင်း ဒေသကြီး သာပေါင်းမြို့ရှိ အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း  ဦးဆောင် ညွှန်ကြားရေးမှူးက စက်ရုံသမိုင်းအကျဉ်း၊ စက်ရုံဆိုင်ရာ အချက်အလက်များနှင့် ဘဏ္ဍာရေး ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။    ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တန်(၅၀)အဆင့်မြင့် စက္ကူထုတ်စက်ရုံ၊  ကလိုရင်းဒိုင်အောက်ဆိုက် ထုတ်လုပ်ရေးဌာန၊ ဓာတ်ဆားပြန်ထုတ် ဌာနနှင့်    ရေဆိုးသန့်စင်ရေး ဌာနတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဇူလိုင် ၃၁ ရက်    နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံကုန်ကြမ်း စိုက်ကွင်းအတွင်း ကျင်းပသည့်   မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၍ မဟော်ဂနီပင်ကို  စိုက်ပျိုးပေးသည်။

ဆက်လက်၍   ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်   စက်ရုံအစည်းအဝေး ခန်းမ၌ စက်ရုံဝန်ထမ်းများနှင့်တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင်  ပြည်ထောင်စုဝန်ကြီးက သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်မှု လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရန် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ ဒေသအတွင်း နည်းပညာတက္ကသိုလ်များတွင်   တက်ရောက်ပညာ သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း စက်ရုံရှိ နည်းပညာများ မျှဝေလေ့ကျင့် သင်ကြားပေးနိုင်ရေး   ညှိနှိုင်းစီမံ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက်    ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က   အမှာစကား ပြောကြားသည်။

ယင်းနောက် အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ အဆင့် မြင့်  စက္ကူစက်ရုံ(သာပေါင်း)စက်ရုံမှူးနှင့် တာဝန်ရှိသူတို့က  ကုန်ထုတ်လုပ်မှုနည်းစဉ် များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။