ရခိုင်ပြည်နယ်တွင် ဆင်ဖြူတော်ကြန်အင် လက္ခဏာ ၈ ချက်အနက် ၇ ချက်နှင့် ကိုက်ညီသည့် ဆင်ဖြူတော်(အထီး)ကလေး ပေါ်ထွန်း

ရခိုင်ပြည်နယ်တွင် ဆင်ဖြူတော်ကြန်အင် လက္ခဏာ ၈ ချက်အနက် ၇ ချက်နှင့် ကိုက်ညီသည့် ဆင်ဖြူတော်(အထီး)ကလေး ပေါ်ထွန်း

ဆင်ဖြူတော်ပေါ်ထွန်းကြောင်း သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ၂-၈-၂၀၂၂

    ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းမှ ထိန်းကျောင်းထားရှိသော ဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ထူးခြားအသွင် သဏ္ဌာန်ရှိသည့် ဆင်ဖြူတော်(အထီး) ကလေး (၁)စီးအား ၂၃-၇-၂၀၂၂ ရက်နေ့ နံနက်ပိုင်း မင်္ဂလာအချိန်  ၀၆း၃၀ နာရီတွင်  မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော် ကလေးမှာ အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကျောအလျား ၂ ပေ၊ အမြီးအလျား ၁ ပေ ၆လက်မနှင့်မွေးဖွားစ ကိုယ်အလေးချိန် ၁၈၀ ပေါင်ခန့် ရှိပါသည်။ ရှေးသမိုင်းပညာရှိများ၏ မိန့်ဆိုချက်များအရ   ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာများသည် မျက်လုံးပုလဲရောင်၊ ငှက်ပျောကိုင်းသဏ္ဍာန် ကျောကုန်း၊ အဖြူကဲ့သို့ အမွေးရောင်၊ အမြီးမှာ တခါးပိတ် လက်ဝါးပုံသဏ္ဌာန်၊ အရေပြားသြဇာကွက်၊ အသားအရေ ပန်းရောင်၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၅ ခုစီပါပြီး နားရွက်မှာ နားကြီးခြင်းတို့ရှိရမည်ဖြစ်ကြောင်း အချက် ၈ ချက်ဖြင့် ဖော်ပြထားပါသည်။

   အထက်ဖော်ပြပါ  ရခိုင်ပြည်နယ်တွင် ထပ်မံပေါ်ထွန်းသည့် ဆင်ဖြူတော်(အထီး) ကလေးသည် ဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာများ အနက် မျက်လုံးပုလဲရောင် ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်း သဏ္ဌာန်ဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊  အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်းတို့ကြောင့် ဆင်ဖြူတော်ကလေးမှာ ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာများနှင့် ကိုက်ညီမှု ရှိကြောင်းနှင့် အချက် ၈ ချက် တွင် ၇ ချက် ကိုက်ညီမှုရှိကြောင်း  စိစစ်တွေ့ရှိရပါသည်။

    ယခင်ပေါ်ထွန်းခဲ့သည့် ဆင်ဖြူတော် ၉ စီးတွင် ပထမဆုံးပေါ်ထွန်းခဲ့သည့် ဆင်ဖြူတော် ၁ စီး သာ ကြန်အင်လက္ခဏာ ၇ ချက်နှင့် ကိုက်ညီခဲ့ပြီး ကျန်ဆင်ဖြူတော် ၈ စီးမှာ အများဆုံး ၆ ချက်သာ ကိုက်ညီသည်ကို စိစစ်တွေ့ရှိရပါသည်။

    ယခုပေါ်ထွန်းလာသည့် ဆင်ဖြူတော်ကလေးမှာ  အသက်(၁၀) ရက်သားတွင် အရပ်အမြင့် ၂ ပေ ၅  လက်မခွဲခန့်နှင့် ကိုယ်အလေးချိန် ၁၉၀ ပေါင်ခန့်ရှိလာပြီး မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင် လျက်ရှိကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်

ထိန်းသိမ်းရေးဝန်ကြီးဌာန