မြန်မာနိုင်ငံ ကမ်းရိုးတန်းသည် ဘင်္ဂလား ပင်လယ်အော် ဂေဟစနစ် တစ်ခုလုံး၏ ၅ ပုံ ၃ ပုံကို ပိုင်ဆိုင်ထားပြီး ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်များ စုံလင်စွာ တည်ရှိနေ

မြန်မာနိုင်ငံ ကမ်းရိုးတန်းသည် ဘင်္ဂလား ပင်လယ်အော် ဂေဟစနစ် တစ်ခုလုံး၏ ၅ ပုံ ၃ ပုံကို ပိုင်ဆိုင်ထားပြီး ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်များ စုံလင်စွာ တည်ရှိနေ

နေပြည်တော်  သြဂုတ်  ၂

 နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင်မှုလုပ်ငန်း ကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် လုပ်ငန်း ကော်မတီဝင်များ တက်ရောက်ကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် သယံဇာတရေးရာ ဝန်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်သည်။

ရှေးဦးစွာ   လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သယံဇာတနှင့်   သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်၏ သဘာဝသယံဇာတ ထိန်းသိမ်းရေး လုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့်  အလေးထား ဆောင်ရွက်လျက်ရှိရာ နိုင်ငံ၏ ကမ်းရိုးတန်းနှင့် ဒီရေတော ကဏ္ဍဆိုင်ရာ စီမံအုပ်ချုပ် လုပ်ကိုင်မှုလုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်စေရန် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အပြာရောင် စီးပွားရေး - Blue Economy သည် ပင်လယ်၊ သမုဒ္ဒရာနှင့် သက်ဆိုင်သော စီးပွားရေး ဖွံ့ဖြိုးမှု သက်သက်ကို ဆောင်ရွက်ခြင်း မဟုတ်ဘဲ ပင်လယ်ကမ်းရိုးတန်း သယံဇာတများ ရေရှည်တည်တံ့ရေး၊ ပင်လယ်သမုဒ္ဒရာ ဂေဟစနစ် တည်ငြိမ်ရေး၊   ပင်လယ်များနှင့် ထိစပ်လျက်ရှိသော ဖွံ့ဖြိုးဆဲနိုင်ငံများရှိ   ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်စေရေးအတွက် ဦးတည် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အပြာရောင် စီးပွားရေး ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများ ဖော်ထုတ်နိုင်ရေးအတွက် အခြေခံကျသော   နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ ဘက်စုံစီမံ အုပ်ချုပ်ရေး အစီအစဉ်ကို   ရေးဆွဲအကောင်ထည် ဖော်လျက်ရှိကြောင်း။

မြန်မာနိုင်ငံ ကမ်းရိုးတန်းသည် ဘင်္ဂလား ပင်လယ်အော် ဂေဟစနစ် တစ်ခုလုံး၏ ၅ ပုံ ၃ ပုံကိုပိုင်ဆိုင်ထားပြီး    ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်များ စုံလင်စွာ တည်ရှိနေကြောင်း၊    အဏ္ဏဝါဇီဝ မျိုးစုံမျိုးကွဲများ၊ သန္တာကျောက်တန်းများ၊ ဒီရေတောများ၊ ပင်လယ်မြက်ခင်းများ၊ ငါးပုစွန် ရေထွက် သယံဇာတများ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရသည့်အပေါ် ဖြေရှင်းဆောင်ရွက်နိုင်ရေး၊ ၎င်းတို့၏ အကျိုးဆက်အနေဖြင့် အစားအစာ လုံခြုံစိတ်ချမှုများ  လျော့ပါးလာခြင်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လျော့နည်းလာခြင်းကို ဖြေရှင်းဆောင်ရွက်နိုင်ရေး၊ ပင်လယ်အတွင်း ပလတ်စတစ်အမှိုက်များ၊ လျှပ်စစ်စွန့်ပစ်ပစ္စည်းများ၊ စိုက်ပျိုးစွန့်ပစ်ပစ္စည်းများ စသော အမှိုက်စွန့်ပစ်မှုများ ထိန်းချုပ်နိုင်ရေး စသည့်  လက်ရှိစိန်ခေါ်မှုများကို    ထိထိရောက်ရောက် ဖြေရှင်း ဆောင်ရွက်သွားရန် အတွက် ဒေသစုံ၊ ကဏ္ဍစုံ၊ ဌာနစုံပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်ပြီး ရေရှည်ဖွံ့ဖြိုးရေး လုပ်ငန်းများကို   ထိထိရောက်ရောက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကော်မတီ ဒုတိယဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားပြီး ကော်မတီ အတွင်းရေးမှူးကကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။

ထို့နောက်    ကော်မတီဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်နေမှုများ၊   တွေ့ကြုံရသည့် အခက်အခဲများ၊  ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးပြီး ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း သိရသည်။