၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဝန်ထမ်း၊ ဝန်ထမ်းမိသားစုများအား  ပညာသင် ထောက်ပံ့ကြေးငွေများ ပေးအပ်

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဝန်ထမ်း၊ ဝန်ထမ်းမိသားစုများအား  ပညာသင် ထောက်ပံ့ကြေးငွေများ ပေးအပ်

နေပြည်တော်  သြဂုတ်  ၂

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီးရုံးနှင့် ဦးစီးဌာနသုံးခုတို့မှ ဝန်ထမ်းများ၊ ဝန်ထမ်းများ၏ သား၊ သမီးများအနက်  ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်  ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင် ထူးချွန်ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအား  ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနတစ်ခုလုံးရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းသား၊ သမီး ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် မူလတန်းအဆင့် ၆၁၈ ဦး၊  အလယ်တန်းအဆင့် ၂၃၇ ဦး၊ အထက်တန်းအဆင့် ၈၀ ဦး၊ တက္ကသိုလ်တက်ရောက်သူ   ၂၈၇  ဦး၊ တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးဖြင့် အောင်မြင်သူ ၁၃ ဦးနှင့်   ရိုးရိုးအောင်မြင်သူ ၁၆ ဦး စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ၁၂၅၁ ဦးအတွက်  ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်  နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ ဖွင့်လှစ်ခဲ့သည့်  ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း  အမှတ်စဉ်(၉)တွင် ဒုတိယဆုရရှိခဲ့သော ဦးဝင်းရွှေ  ဒုတိယညွှန်ကြားရေးမှူးချုပ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအား   ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုလက်မှတ် ပေးအပ်ခဲ့သည်။  

ယင်းနောက်၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးဖြင့် အောင်မြင်သူ  ၁၃ ဦးနှင့်   ရိုးရိုးအောင်မြင်သူ ၁၆ ဦး အပါအဝင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်မည့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၂၅၁ ဦးအတွက်   ငွေကျပ် စုစုပေါင်း   ၁၈၃၆၄၀၀၀ ကို   ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။