၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

နေပြည်တော်  သြဂုတ်  ၃

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေ၃ နာရီတွင် နေပြည်တော်ရှိ  ဝဏ္ဏသိဒ္ဓိ ဘောလုံး အားကစားကွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ  အဖွဲ့ဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊  Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊  မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ရှေးဦးစွာ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကရင်ပြည်နယ် အသင်းနှင့် မွန်ပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကရင်ပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိသည်။

ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ဦးရွှေကြိမ်းက အကောင်းဆုံး ဂိုးသမားဆုရ သန်းရွှေဌေး (ကရင်ပြည်နယ်အသင်း) ကိုလည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ဒေါက်တာဗညားအောင်မိုးက အကောင်းဆုံး နောက်တန်းကစားသမား ဆုရ ရဲထက်နိုင် (မန္တလေးတိုင်းဒေသကြီးအသင်း)နှင့် အကောင်းဆုံး အလယ်တန်း ကစားသမားဆုရ ကောင်းထက်ပိုင် (မွန်ပြည်နယ်အသင်း) တို့ကို လည်းကောင်း၊    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် စောဒန်နီယယ်က အကောင်းဆုံး ရှေ့တန်းကစားသမား ဆုရစီးရဖြိုး(ကရင်ပြည်နယ်အသင်း)နှင့် ပွဲစဉ်တစ်လျှောက်  အကောင်းဆုံး ကစားသမားဆုရ  ထွန်းထွန်းနိုင်  (ကချင်ပြည်နယ် အသင်း)တို့ကို လည်းကောင်း  တစ်ဦးချင်း အကောင်းဆုံး ဆုတံဆိပ်များနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်က စတုတ္ထဆုရရှိသည့် ကချင်ပြည်နယ် အသင်းအား ငွေသားဆုကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးမောင်းဟာက  တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုကိုလည်း

ကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်   Jeng Phang နော်တောင်က ဒုတိယဆုရရှိသည့် မွန်ပြည်နယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များနှင့်  ငွေသားဆုကို လည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  ဒေါ်အေးနုစိန်က ပထမဆုရရှိသည့် ကရင်ပြည်နယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုကို လည်းကောင်း ပေးအပ် ချီးမြှင့်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က  ပထမဆု ရရှိသည့် ကရင်ပြည်နယ်အသင်းအား အမျိုးသား တံခွန်စိုက်ဒိုင်းကို ပေးအပ်ချီးမြှင့်သည်။

၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက်   အမျိုးသား ဘောလုံးပြိုင်ပွဲကို ဇူလိုင် ၂၀  ရက်မှ သြဂုတ် ၃ ရက်အထိ ပြိုင်ပွဲဝင်အသင်းပေါင်း ၁၄ သင်းမှ   အားကစားသမား စုစုပေါင်း ၃၂၅ ဦး  ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။