အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်း အားကစားအဖွဲ့ ရွှေတံဆိပ် ၉ ခု၊ ငွေတံဆိပ် ၃ ခုနှင့် ကြေးတံဆိပ် ၅ ခု ရရှိထား

အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်း အားကစားအဖွဲ့ ရွှေတံဆိပ် ၉ ခု၊ ငွေတံဆိပ် ၃ ခုနှင့် ကြေးတံဆိပ် ၅ ခု ရရှိထား

ရန်ကုန်  သြဂုတ်  ၃

    အင်ဒိုနီးရှားနိုင်ငံက  အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်  (၁၁)ကြိမ်မြောက်အာဆီယံ  မသန်စွမ်း အားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာမသန်စွမ်း အားကစားအဖွဲ့သည် ယနေ့ယှဉ်ပြိုင်မှုတွင် ပြေးခုန်ပစ် အားကစားနည်းမှ ရွှေတံဆိပ်၂ ခု၊  ငွေတံဆိပ် ၁ ခုနှင့်  ကြေးတံဆိပ်၂ ခုထပ်မံ ဆွတ်ခူးရရှိခဲ့ကြောင်း   သိရသည်။

မြန်မာအားကစားအဖွဲ့သည် MANAHAN  ကွင်း၌ကျင်းပသည့်  ပြေးခုန်ပစ်ပြိုင်ပွဲများကို   ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသား လှံတံပစ်ပြိုင်ပွဲတွင် တင်ညိုက ရွှေ ၁ ခု၊ စိုးသန်းက ငွေ ၁ ခု၊  အောင်ထွန်းလင်းက ကြေး ၁ ခု၊   အမျိုးသားမီတာ ၄၀၀ အပြေးပြိုင်ပွဲတွင် ကျော်ကျော်ဝင်းကရွှေ ၁ ခု၊ မောင်လင်းက ကြေး ၁ ခု  ဆွတ်ခူးရရှိခဲ့ပြီး မြန်မာမသန်စွမ်း အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌက  အမျိုးသား လှံတံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့်    တင်ညိုအား ဆုချီးမြှင့်ပေးအပ်သည်။

(၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင်  မြန်မာမသန်စွမ်း အားကစားအဖွဲ့ချုပ်အနေဖြင့် ပြေးခုန်ပစ်၊ မြားပစ်၊  ဂိုးလ်ဘော၊ ရေကူး၊ ဘောလုံး၊ ထိုင်လျက်ဘော်လီဘောနှင့်    အလေးမ အားကစားပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိပြီး ယနေ့အထိ  မြန်မာမသန်စွမ်း အားကစားအဖွဲ့ချုပ် အနေဖြင့် ရွှေတံဆိပ်၉ ခု၊ ငွေတံဆိပ် ၃ ခု၊  ကြေးတံဆိပ် ၅ ခု စုစုပေါင်း  ၁၇ ခု ရရှိထားကြောင်း  သိရသည်။