မြန်မာ-ရုရှားနှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနများအကြား ဆွေးနွေးပွဲ ကျင်းပ

မြန်မာ-ရုရှားနှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနများအကြား ဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်  သြဂုတ်  ၃

မြန်မာနိုင်ငံသို့ အလုပ်သဘော ခရီးစဉ်အဖြစ် လာရောက်သည့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး   H.E. Sergey Lavrov သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ရောက်ရှိရာ    နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက  နေပြည်တော်လေဆိပ်၌ ကြိုဆိုကြသည်။

အဆိုပါ အလုပ်သဘော ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ံ H.E.Sergey Lavrov သည် နိုင်ငံခြားရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်    နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ သီးသန့်တွေ့ဆုံခဲ့ပြီး  နှစ်နိုင်ငံ ဆက်ဆံရေး၊ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် နိုင်ငံတကာ မျက်နှာစာတွင်   အပြန်အလှန် ယုံကြည်နားလည်မှုများကို အခြေခံလျက် ဆက်လက်၍  ပူးပေါင်းဆောင်ရွက် သွားရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ယင်းနောက်  မြန်မာ-ရုရှား နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနများအကြား ဆွေးနွေးပွဲကို  နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့က ဦးဆောင်ကျင်းပရာ   နှစ်ဖက်နိုင်ငံခြားရေး ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ မိတ်ဆွေရင်းချာနိုင်ငံဖြစ်သည့် ရုရှားနိုင်ငံအနေဖြင့် မြန်မာအရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံချင်းသာမက နိုင်ငံတကာ မျက်နှာစာတွင် အစဉ်တစိုက် ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာအစိုးရ၏    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ၌ အထောက်အကူပြုနိုင်ရန်    ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်းက ကိုဗစ်-၁၉ ကာကွယ် ဆေးလှူဒါန်းခဲ့မှုများနှင့် ယခုခရီးစဉ်အတွင်း မျောက်ကျောက်ရောဂါ  စစ်ဆေးသည့် Test Kits လှူဒါန်းမှုများအတွက်လည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ထို့ပြင် ဆွေးနွေးပွဲ၌ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများက မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့အကြား    နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များ၊ အထူးသဖြင့်  နှစ်ဖက်အစိုးရ အဖွဲ့အစည်းများ၊ တပ်မတော်များနှင့် ပြည်သူများ အကြား ဆက်ဆံရေးတိုးမြှင့်ရေး၊ စီးပွားရေးနှင့်  ယဉ်ကျေးမှုကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊   ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်ကြသည့် အာဆီယံ၊ အာရှ-ဥရောပ ဆွေးနွေးပွဲ(အေဆမ်)၊ ဥရောပအာရှ စီးပွားရေးသမဂ္ဂ(EAEU)နှင့် ကုလသမဂ္ဂတို့တွင် ဆက်လက်၍နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးတို့နှင့် ပတ်သက်၍  ဆွေးနွေးကြပြီး  သက်ဆိုင်ရာနိုင်ငံများ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့်   ဒေသတွင်းနှင့် နိုင်ငံတကာ အကျိုးတူကိစ္စရပ်များအပေါ်   အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအပြီးတွင်   မြန်မာ-ရုရှား နှစ်နိုင်ငံ   နိုင်ငံခြားရေး ဝန်ကြီးဌာနများအကြား    ညှိနှိုင်းဆွေးနွေးပွဲ အစီအစဉ်(၂၀၂၂-၂၀၂၄)ကို ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်    ရုရှားနိုင်ငံခြားရေး ဝန်ကြီး  H.E.Sergey Lavrov တို့က လက်မှတ်ရေးထိုး လဲလှယ်ကြသည်။

အဆိုပါ  အစီအစဉ်သည်  မြန်မာနှင့် ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနများ အကြားနှစ်နိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည့်  အစီအစဉ်တစ်ရပ်ဖြစ်ပြီး  ၁၉၉၉ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရုရှားနိုင်ငံခြားရေး ဝန်ကြီးနှင့်  ကိုယ်စားလှယ် အဖွဲ့အား  နေပြည်တော်ရှိ  ရွှေနန်းတော် ဟိုတယ်၌ အလုပ်သဘော နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး H.E. Sergey Lavrov သည်  နေပြည်တော်မှ  ပြန်လည်ထွက်ခွာရာ    နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက နေပြည်တော်လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြကြောင်း သိရသည်။