ကိုယ်လက်လှုပ်ရှားမှုတစ်ခုအနေဖြင့် ပြေးခြင်းအားရွေးချယ်မည်ဆိုပါလျှင်

ကိုယ်လက်လှုပ်ရှားမှုတစ်ခုအနေဖြင့် ပြေးခြင်းအားရွေးချယ်မည်ဆိုပါလျှင်

(ရွှေလဲ့)

နိုင်ငံသားတိုင်း ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နိုင်စေရန် အတွက် ပြေးခြင်း အကြောင်းကို စနစ်တကျသိရှိနိုင် စေရန် အခြေခံပြေးခြင်း (Fundamental Running) တွင် အသိအမှတ်ပြုလက်မှတ် ရရှိထားသော ပြေးခုန်ပစ် အားက စားသမားကိုဝမ်းယုနောင်နှင့် တွေ့ဆုံမေးမြန်းခဲ့မှုများကိုယခုလိုဖော်ပြလိုက် ရပါသည်-

မေး။ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ဖို့ အားကစားနည်း တွေ မျိုးစုံရှိတဲ့ထဲက ပြေးတာကို  ဘာလို့ ရွေးချယ် သင့်တာလဲ ပြောပြပေးစေချင်ပါတယ်ရှင့်။

ဖြေ။ အချက်နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က ပြေးတယ်ဆိုတာ လူတိုင်းပြုလုပ်နိုင်တဲ့ လွယ်ကူလွန်းတဲ့ အားကစားနည်းမို့ပါ။ အချိန်မရွေး နေရာမရွေးလည်း ပြုလုပ်လို့ရပါတယ်။ ကုန်ကျစရိတ်လည်း သက်သာပြီး လူတိုင်းနဲ့ ရင်းနှီးပြီးသား အားကစားဖြစ်နေပါတယ်။ အချို့က ပြေးတာကို အခမဲ့လွယ်ကူလွန်းတဲ့ အားကစား နည်းလို့တောင်  တင်စားပြောဆိုကြတာ တွေရှိပါတယ်။

ဒုတိယအချက်ကတော့ ပြေးတယ်ဆိုတာ နှလုံးကို လေ့ကျင့်ခန်းလုပ်တဲ့ Cardio Exercise ဖြစ်ပါတယ်။ ဆိုလိုတာက    နှလုံးဆိုတာ လူရဲ့ဇီဝကမ္မ ဖြစ်စဉ် (Metabolism) ကို ကောင်းစွာလည်ပတ်နိုင်ဖို့ အဓိက မောင်းနှင် ပေးတဲ့ အစိတ်အပိုင်းပါ။ ဥပမာပေးရရင် ကွန်ပျူတာတစ်လုံးရဲ့ လုပ်ဆောင် ချက်တွေ ကောင်းမွန်ဖို့ CPU (Central Processing Unit) က အဓိက အရေးကြီးသလိုပါပဲ။ လူတစ်ယောက်အတွက်လည်း နှလုံးဆိုတာက CPU  တစ်ခုပါ။ နှလုံးကောင်းနေမှသာ လူ့ခန္ဓာကိုယ်တစ်ခုလုံးက အစိတ်အပိုင်း အားလုံးဟာ ဟန်ချက်ညီညီ လှုပ်ရှားအသက်ဝင်နိုင်ပါတယ်။ ဒါကြောင့် ပြေးတယ်ဆိုတာ နှလုံးခံနိုင်ရည်ကို အဓိက လေ့ကျင့်ပေးတဲ့ အားကစားနည်း ဖြစ်လို့ အမှန် တကယ်ပဲ ရွေးချယ်သင့်ကြောင်း ပြောချင်ပါတယ်။

မေး။ လူတစ်ယောက်ဟာ  ကျန်းမာရေးအတွက် ပထမဆုံးစပြေးချင်တယ် (အပြေးနဲ့ စတင်မိတ်ဆက်မယ်) ဆိုရင် ဘယ်လိုပုံစံနဲ့စတင်ရမလဲဆိုတာ ပြောပြပေးပါ ဦးရှင့်။

ဖြေ။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့   Facebook Page မှာလည်း ပထမဆုံးစပြေးမည့် သူများအတွက်ဆိုတဲ့ ဆောင်းပါးတိုလေး တစ်ခု ရေးသား ခဲ့ဖူးပါတယ်။ ပထမဆုံးစပြေးမယ်ဆိုတဲ့ လူတစ်ယောက်က မြန်မြန်လည်း ပြေးစရာမလို အပ်ပါဘူး။ ခရီးအကွာအဝေး ဘယ်လောက်ရောက်လဲဆိုတာကိုလည်း ထည့်တွက်စရာမလိုပါဘူး။ လမ်းလျှောက်တာမျိုးမဟုတ်ဘဲ ပြေးနေတယ်ဆိုတဲ့  Form ထဲ ဝင်သွားရင်ကိုရပါပြီ။ လူကလှုပ်ရုံလေးပဲ ဖွဖွလေး(Jogging) ပြေးနေရင်  လုံလောက်ပါတယ်။ သို့သော် အဓိကသတိပြုရမယ့် အချက်က အချိန်ဘယ်လောက် ကြာကြာ ပြေးနိုင်လဲဆိုတဲ့ Duration ဖြစ်ပါတယ်။ ပထမဆုံးစပြေးတာဖြစ်တဲ့ အတွက် ၁၀ မိနစ်ပဲ ပြေးချင်လည်း ပြေးနိုင်ပါ လိမ့်မယ်။ တချို့လူတွေကလည်း ၁၅ မိနစ်လောက်ထိ ပြေးနိုင်တာမျိုးတွေ ရှိပါလိမ့်မယ်။ ဒီလောက်ပဲ ပြေးနိုင် တာက ပြဿနာတော့ မဟုတ်ပါဘူး။ ပထမ ဆုံးစပြေးတဲ့ ရက်သတ္တပတ်မှာ ၁၀ မိနစ်လောက်ပဲ ပြေးနိုင်ပေမယ့် နောက်တစ်ပတ်မှာ ၁၂ မိနစ်လောက် အထိ ပြေးနိုင်လာတာမျိုး ဖြစ်ပါလိမ့်မယ်။ ဒီလိုပြေး တဲ့ပုံစံကို အချိန်နဲ့ ပြေးခြင်း(Time Spent Running) လို့ခေါ်ပါတယ်။ နောက်တစ်မျိုး Duration Method လို့လည်းခေါ်လို့ရပါတယ်။ ဒီလိုသဘောတရားနဲ့ပဲ စပြေး တဲ့သူတွေက ပြေးတာကို စတင်သင့်ပါတယ်။

မေး။ အချိန်နဲ့ပြေးခြင်း(Time Spent Running)ဆိုတာ ဆက်တိုက်ပြေးရမှာ လား။ လမ်းလျှောက်လိုက်၊ ပြေးလိုက် လုပ်ရင်ရောရနိုင်မလား ရှင်းပြပေးပါ ဦးရှင့်။

ဖြေ။ Time Spent Runningဆိုတဲ့ သဘောတရား ကတော့ လူတစ်ယောက် က အချိန်ဘယ်လောက် ကြာကြာ ဆက်တိုက်ပြေးနိုင်လဲဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ ဆက်တိုက်အလုပ်လုပ်နိုင်တဲ့အချိန်ကိုသိမှပဲ လူတစ်ယောက်ရဲ့ ခံနိုင်ရည်ကို ခန့်မှန်းနိုင်ပါလိမ့်မယ်။ ၁၀ မိနစ်ပဲပြေးနိုင်တာကလည်း ကိုယ့်ရဲ့ ခံနိုင်ရည်ပါ။ ၅ မိနစ်ပြေးပြီးတဲ့အခါ ခဏနား၊ ပြီးရင် ၅ မိနစ် ပြန်ပြေး၊ ဒါမျိုးကိုတော့ ၁၀ မိနစ်ဆက်တိုက် ပြေးနိုင်တယ်လို့ မဆိုလိုပါဘူး။ ဒီတော့ လျှောက်လိုက်၊ ပြေးလိုက်လုပ်ချင်လည်း လုပ်နိုင်ပါတယ်။ သို့သော် မနားဘဲ ဆက်တိုက်ပြေးတဲ့အချိန်ကသာ မိမိနှလုံးရဲ့ ခံနိုင်ရည်အားဆိုတာကိုတော့ သိစေချင်ပါတယ်။

မေး။ လူတစ်ယောက်ရဲ့ နှလုံးခုန်နှုန်းအကြောင်းနဲ့ ပတ်သက်ပြီးလည်း အနည်းငယ်ရှင်းပြပေးစေချင် ပါတယ်။

ဖြေ။ အဓိကကတော့ လူတစ်ယောက်ရဲ့နှလုံးခုန်နှုန်း ဆိုတာက အသက် အရွယ်ပေါ်မူတည်ပြီး ကွာခြား ပါတယ်။ လူတစ်ယောက်ချင်းစီရဲ့ အမြင့်ဆုံး နှလုံး ခုန်နှုန်း(Maximum Heart Rate)ကို သိချင်တဲ့အခါ တွက်ချက် ကြည့်လို့ရပါတယ်။ အတိုကောက်ကတော့ MHR လို့ခေါ်တယ်။ MHR တန်ဖိုး ကို သိချင်ရင်  ၂၂၀ ထဲကနေ လက်ရှိအသက်ကို နုတ်လိုက်ပါ။ ဥပမာ- အသက် ၂၀ ရှိတဲ့လူတစ်ယောက်ရဲ့MHR ကို သိချင်ရင် ၂၂၀-၂၀ ပါ။ ဒါဆို ရလာတဲ့အဖြေ ၂၀၀ ဆိုတာက အသက် ၂၀ လူတစ်ယောက်ရဲ့ အမြင့်ဆုံးခံနိုင်တဲ့ နှလုံးခုန်နှုန်း (MHR) တန်ဖိုးပဲဖြစ်ပါတယ်။ MHR ရဲ့ ယူနစ် ကိုတော့ တစ်မိနစ်မှာခုန်တဲ့ အကြိမ်ရေ(Beats Per Minute/ bpm) နဲ့ဖော်ပြ လေ့ရှိပါတယ်။

မေး။ လူတစ်ယောက်က အမြင့်ဆုံးနှလုံးခုန်နှုန်း (MHR) ရောက်နေသည် အထိ ပြေးလို့ရပါသလားရှင့်။

ဖြေ။ အသေးစိတ်ပြောရရင် MHR အပြင် Target Heart Rate (THR)  ဆိုတာရှိပါသေးတယ်။ အဓိပ္ပာယ် က လူတစ်ယောက်ရဲ့ အမှန်တကယ်အလုပ်လုပ်သင့်တဲ့  သတ်မှတ်နှလုံးခုန်နှုန်းကို ဆိုလိုခြင်းဖြစ် ပါတယ်။ ဘယ်လို  ကိုယ်လက်လှုပ်ရှားမှုမျိုးလုပ်လုပ် THR  အဆင့် လောက်  ထိ ပြုလုပ်တာကပဲ နှလုံးကျန်းမာရေးအတွက် အထူး သင့်တော် ပါတယ်။

မေး။ သတ်မှတ်နှလုံးခုန်နှုန်း(Target Heart Rate) ကိုရော ဘယ်လိုတွက် ချက်ပြီး သိနိုင်မလဲရှင့်။

ဖြေ။ THR တွက်တာကလည်း လွယ်ကူပါတယ်။  အသက် ၂၀ လူတစ် ယောက်နဲ့ပဲ ဥပမာပြန်ပေးပါဦးမယ်။ ၂၂၀ ထဲက ၂၀ နှစ်ကိုနုတ်တဲ့အခါ MHR  တန်ဖိုး ၂၀၀ bpm ရပါတယ်။ MHR  တန်ဖိုးရဲ့ ၅၀ ~ ၈၅ ရာခိုင်နှုန်းဆိုတာ ကတော့ MHR ရဲ့ တန်ဖိုးပဲဖြစ်ပါတယ်။ ဒါကြောင့် THR တန်ဖိုးက ၁၀၀~၁၇၀ bpm ဆိုပြီး အဖြေရလာပါလိမ့်မယ်။ ဆိုလိုတာက အသက် ၂၀ ရှိတဲ့ လူတစ်ယောက်ရဲ့ အမှန်တကယ်အလုပ်လုပ်သင့်တဲ့ သတ်မှတ်နှလုံး ခုန်နှုန်း THR  ဟာ ၁၇၀ bpm သာဖြစ်ပါ တယ်။ မိမိရဲ့ Target Heart Rate  ပမာဏ ကိုသိထားရင်တော့   ပထမဦးဆုံးစပြေးမယ့်လူတစ်ယောက်အတွက် ပြေးတဲ့အားက နည်းနေလား၊ များနေလား ဆိုတာကို ခန့်မှန်းတွက်ချက်လို့ ရသွားပါလိမ့်မယ်။

မေး။ ပထမဦးဆုံး စပြေးမယ့်လူတစ်ယောက်အတွက် အကြောလျှော့တာ ကရော အရေးကြီးပါသလားရှင့်။

ဖြေ။ တကယ်ကောင်းတဲ့မေးခွန်းပါ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကြုံနေ ရတာက ဘယ်အားကစားပဲလုပ်လုပ် လူတွေက အကြောလျှော့လေ့ မရှိကြ ပါဘူး။ဒါကိုသိတော့သိကြတယ်။  အကြောလျှော့ဖို့ အချိန်မပေးချင်တာ ရယ်၊ လုပ်ရမှာပျင်းတာရယ်ကြောင့် မလုပ်ဖြစ်ကြတာလို့ထင်ပါတယ်။ အမှန် တကယ်က အကြောလျှော့တာအပေါ်မူတည်ပြီး မိမိလုပ်တဲ့ အားကစားရဲ့ စွမ်းဆောင်ရည်(Performance)ကပိုကောင်းလာတာမျိုးရှိသလို အားကစား လုပ်နေချိန်မှာ ဒဏ်ရာ(Injury)ရဖို့လည်း အရမ်းခဲယဉ်းသွားပါတယ်။ အကြောလျှော့ခြင်းရဲ့ အကျိုးကျေးဇူးတွေကလည်း အတော်များများရှိ တာကို သိစေချင်ပါတယ်။  အကြောလျှော့တဲ့နေရာမှာ အဓိကနှစ်ပိုင်းရှိ ပါတယ်။ အားကစားမလုပ်မီအချိန်မှာ အကြောလျှော့တာနဲ့  အားကစား လုပ်ပြီးအချိန်မှာ အကြောလျှော့တာပဲဖြစ် ပါတယ်။ မတိုင်မီ အကြောလျှော့ တာကတော့ လူရဲ့  ခန္ဓာကိုယ်ကိုသွေးပူ (Warming Up) ဖြစ်သွားစေဖို့  ရည်ရွယ်တာလည်းဖြစ်ပါတယ်။ သွေးပူလေ့ကျင့်ခန်းက ကောင်းလေလေ အားကစားလုပ်ရတာ ပေါ့ပါး သွက်လက်လေလေပဲဖြစ်ပါတယ်။ အားကစား လုပ်ပြီး အကြောလျှော့တာကတော့ သွေးအေး(Cooling  Down) စေဖို့ ရည်ရွယ်ပါတယ်။ အားကစားလုပ်ပြီးတိုင်း အကြောလျှော့မှသာ အားကစား လုပ်ချိန်မှာ နာကျင်ခဲ့တဲ့ ကြွက်သား၊ အရိုးအဆစ်တွေကို နဂိုမူလအခြေအနေ ပြန်ဖြစ်စေပါတယ်။ အားကစားလုပ်ပြီးချိန်မှာလည်း လူကနာကျင်ပြီး ကျန်ခဲ့ တာမျိုးမဖြစ်ပါဘူး။ တစ်ခုထူးခြားတာက အားကစားပြုလုပ်ပြီးတိုင်း အကြောလျှော့တာက နောက်တစ်ကြိမ် အားကစားလုပ်ဖို့အတွက်လည်း လူကို အဆင်သင့်ပြန်ဖြစ်နေပါတယ်။ ဒါ့ကြောင့် ခုမှစပြေးမယ့်သူတွေ၊    အားကစားလုပ်မယ့်သူတွေ အတွက်တော့  အကြောလျှော့မပျင်းဖို့ တိုက်တွန်းချင်ပါတယ်။

မေး။ ခုမှစပြေးတဲ့အခါ  ညအိပ်ချိန်အတွက်ရော သီးသန့်သတ်မှတ် ချက်မျိုးရှိပါသလားရှင့်။

ဖြေ။ အိပ်တယ်ဆိုတာကတော့ အားကစားလုပ်မှ မဟုတ်ပါဘူး။ သာမန် လူတစ်ယောက်အတွက်လည်းအရမ်းအရေးကြီးပါတယ်။အားကစား လုပ်ရင် တော့ ပိုအရေးကြီးတာပေါ့။ ပိုအိပ်လေလေပိုကောင်းတဲ့ အားကစား သမား ဖြစ်လေလေဆိုတဲ့ စကားအတိုင်းပါပဲ။ အားကစားမလုပ်တဲ့ သာမန်လူ တစ်ယောက်က ည အိပ်ချိန် ၇~၉ နာရီကြားတော့ ရှိသင့်ပါတယ်။ အားကစားသမားတစ်ယောက်ဆိုရင်တော့ ညအိပ်ချိန် က ၈~၁၀ နာရီ လောက်ဖြစ်မှရပါလိမ့်မယ်။ သေချာ တာတစ်ခုကတော့ အိပ်ချိန်များများနဲ့ အိပ်ရေးဝ အောင်သာအိပ်ကြည့်ပါ။ နောက်တစ်ရက်မှာ အားကစား  လုပ်ရ တာ ပိုကောင်းနေတယ်ဆိုတာ လက်တွေ့ကြုံရ ပါလိမ့်မယ်။

မေး။ အပြေးလေ့ကျင့်သူတွေအနေနဲ့ တစ်ပတ်ကို ဘယ်နှရက်လောက်ပြေး သင့်ပါသလဲရှင့်။

ဖြေ။ အပြေးလေ့ကျင့်သူလို့ဆိုရာမှာ ကျန်းမာရေးအတွက် ပြေးတဲ့သူနဲ့ ပြိုင်ပွဲဝင်ဖို့ ပြေးတဲ့သူဆိုပြီး နှစ်မျိုးရှိပါလိမ့် မယ်။ ပြိုင်ပွဲဝင်ဖို့ လေ့ကျင့်သူ တွေကတော့ တစ်နေ့ကို မနက်၊ ည နှစ်ကြိမ်ပြေးကြရပါတယ်။ တစ်ပတ်ကို တစ်ရက်လောက်ပဲနားကြပါတယ်။ နားတဲ့ရက်မှာတောင် အကြောလျှော့ပြီး လမ်းလျှောက်တာလောက်တော့ လုပ်ကြပါသေးတယ်။  ကျန်းမာရေး အရ ပြေးသူတွေကတော့ မနက်စောစော ဒါမှမဟုတ် ညနေပိုင်း ကြိုက် နှစ်သက် ရာအချိန်ကို ပြေးလို့ရပါတယ်။ တစ်ပတ်ကို ငါးရက်လောက် တော့ အပြေးကို ပြုလုပ်ပေးသင့်ပါတယ်။ ဒါမှလည်း  ပုံမှန်လုပ်နေကျ Training  တစ်ခု က စည်းဝါးတကျပြုလုပ်နိုင်မှာပါ။ နားတာများသွားရင်လည်း အစကနေ ပြန်စရတဲ့ သဘောမျိုးရှိပါတယ်။ တစ်ပတ် ငါးရက် ဆိုတာက နှစ်ရက် ဆက်ပြီး နားနိုင်သလိုတစ်ရက်ကျော် နားတာမျိုးလည်း ပြုလုပ်ပေးနိုင်ပါ တယ်။ ကျန်းမာရေးအရ ပြေးမယ့်လူတစ်ယောက်အတွက် တစ်ပတ် ငါး ရက်လောက် ပြေးတာကတော့ ရက်သတ္တပတ် တစ်ခုစာ  လုံလောက်တဲ့ လေ့ကျင့်ခန်း အစီအစဉ်တစ်ခု ဖြစ်သွား ပါလိမ့်မယ်။

မေး။ အစားအသောက်အတွက်ရော ဘယ်လိုအရာ တွေကို အဓိကစား သုံးပေးသင့်ပါသလဲရှင့်။

ဖြေ။ လူတစ်ယောက်ရဲ့ အာဟာရဓာတ် ၁၀၀ ရာခိုင်နှုန်း ကို ခွဲခြမ်းကြည့်ရင် အဓိက ထွက်လာတာက ကစီဓာတ် (Carbohydrates)ရယ်၊ အဆီဓာတ် (Fat)ရယ်၊ အသားဓာတ်(Protein)ရယ်ဆိုပြီး သုံးမျိုးရှိပါလိမ့်မယ်။  မိမိလုပ် တဲ့ အားကစားနည်းပေါ်မူတည်ပြီး ဒီသုံးမျိုးရဲ့ ရာခိုင်နှုန်းအချိုးကို အတိုး အလျှော့ပြုလုပ်ပြီး စားသုံး ပေးရပါတယ်။ သေချာပြောရရင် တာဝေးနဲ့ တာတို အပြေးသမားတွေမှာတောင် စားရတဲ့အချိုးက မတူပါဘူး။ လူတစ် ယောက် ပြေးဖို့ဆိုရင် အဓိကလိုအပ်တဲ့ လောင်စာက   ကစီဓာတ် (Carbohydrates) ပါ။ ဥပမာပေးရရင် ကားထဲမှာ ဓာတ်ဆီထည့်ထားရသလိုပါပဲ။ လူတစ်ယောက်ပြေးတဲ့အခါလည်း ပြေးရင်ပြေး သလောက် ကစီဓာတ် က တရိပ်ရိပ်ကုန်သွားပါတယ်။ ဒါကြောင့် ခုနပြောတဲ့ အာဟာရဓာတ်သုံးမျိုး မှာ ကစီဓာတ်ရဲ့အချိုးက ပိုများနေဖို့တော့လိုပါတယ်။ အပြေးသမား တစ်ယောက်ရဲ့    အာဟာရဓာတ် လိုအပ်ချက်ဟာ ယေဘုယျအားဖြင့်တော့ ကစီဓာတ် ၆၀ ရာခိုင်နှုန်း၊ အဆီဓာတ် ၂၀ ရာခိုင်နှုန်းနဲ့ အသားဓာတ် ၂၀ ရာခိုင်နှုန်းရှိရပါမယ်။ ဒါကြောင့် ကစီဓာတ်များများပါတဲ့ အစားအစာတွေ ဖြစ်တဲ့ ဆန်၊  ပြောင်းဖူး၊ ဂျုံ၊  ပေါင်မုန့်၊  အစေ့အဆန်  စတာတွေကိုတော့ အဓိကစားပေးပါလို့  ပြောချင်ပါတယ်။

မေး။ ကျေးဇူးပါရှင့်။  နောက်ဆုံးမေးခွန်းအနေနဲ့  ပထမဆုံးစပြေးမယ့်သူများ အတွက်   အထွေထွေ လိုအပ်ချက်အနည်းငယ်ကိုလည်း ဖြေပေးပါဦးရှင့်။

ဖြေ။ အဓိကပြောချင်တာကတော့ အားကစားဝတ်စုံဝတ်၊ ဖိနပ်စီးပြီး   လက် တွေ့သာ စပြေးကြည့်လိုက်ပါ၊ တစ်ရက်ပြေး၊ နှစ်ရက်ပြေးရာကနေ တစ်ပတ် ပြေးနိုင်တဲ့ အဆင့်ကို ရလာပါလိမ့်မယ်။ နောက်ပိုင်း ရက်ကြာလာ တဲ့အခါ မပြေးရရင်ကို လူက တစ်ခုခုလိုအပ်လာသလိုမျိုး ခံစားရပါလိမ့်မယ်။ မပြေး ဖြစ်တဲ့ရက်ဆိုရင် ခန္ဓာကိုယ် လေးလံနေသလိုမျိုး ပြေးတဲ့အလုပ်အပေါ် သဘော ကျလာပါလိမ့်မယ်။ အနှစ်ချုပ်ပြောရရင် ပြေးတဲ့ အားကစားက ငွေမကုန်ပါဘူး။ အလွယ်တကူလုပ်နိုင်ပါတယ်။ အဓိကနှလုံးအတွက်  အရမ်း ကောင်းတဲ့ Cardio Exercise ဖြစ်ပါတယ်။ နှလုံးကျန်းမာနေတဲ့အခါ တော်ရုံရောဂါတွေ မဖြစ်တော့ပါဘူး။ မကူးစက်နိုင် တဲ့ရောဂါတွေ (Non Communicable Diseases) ဆိုတာက နှလုံးကျန်းမာရေးမကောင်းလို့ပဲ အဓိက စဖြစ်ကြတာပါ။ အလွယ်ပြောရရင် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါစတဲ့ ဖြစ်နေကျရောဂါတွေပါပဲ။ ဒီရောဂါတွေ အလွယ်တကူ မဝင်ဖို့၊ အသက် ရှည်ရှည်နေထိုင်ရဖို့ ဆိုရင် အလွယ်တကူပြုလုပ်လို့ရတဲ့ ပြေးတဲ့အားကစား နည်း ကိုပဲ ရွေးချယ်ကြပါလို့ အကြံပြုတိုက်တွန်းလိုက်ချင်ပါတယ်။  ။