ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားကျေးရွာတွင် စားအုန်းဆီများကို တစ်ပိဿာ ငွေကျပ် ၄၂၀၀ ဖြင့် လှည့်လည်ရောင်းချ

ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားကျေးရွာတွင် စားအုန်းဆီများကို တစ်ပိဿာ ငွေကျပ် ၄၂၀၀ ဖြင့် လှည့်လည်ရောင်းချ

    မန္တလေးတိုင်းဒေသကြီး   ကျောက်ပန်းတောင်းမြို့နယ်၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်း  (ကျောက်ပန်းတောင်းမြို့နယ်)၏ အစီအစဉ်ဖြင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ကြီးကြပ်၍ စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေးအတွက် စားအုန်းဆီများကို ရည်ညွှန်း ဈေးငွေကျပ် ၄၂၀၀ ဖြင့် သြဂုတ် ၄ ရက်နံနက် ၁၀ နာရီတွင်  ပုပ္ပားကျေးရွာ  မူလတန်းကျောင်းဝင်း၌ သြဘငူန စနစ်ဖြင့် လှည့်လည်ရောင်းချပေးသည်။

ပုပ္ပားကျေးရွာရှိ စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်စေရန် အတွက် စားအုန်းဆီများကို မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများ အသင်း၏ အစီအစဉ်ဖြင့် ကျောက်ပန်းတောင်း မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများ အသင်း ဥက္ကဋ္ဌ ဦးဝင်းဇော်ဦး ကိုယ်တိုင်ဦးဆောင်၍ ရောင်းချပေးနေခြင်းဖြစ်ပြီး ကျောက်ပန်းတောင်းမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ်၍ လိုအပ်သည်များကို သက်ဆိုင်ရာကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ရည်ညွှန်းဈေးငွေကျပ် ၄၂၀၀ ဖြင့် စားအုန်းဆီရောင်းချ ပေးရာတွင် တစ်အိမ်ထောင်လျှင် ဆီ ၁ ပိဿာနှုန်း ရောင်းချပေးခြင်းဖြစ်ပြီး ပုပ္ပားကျေးရွာမှပြည်သူများအတွက် စုစုပေါင်း ဆီပိဿာ ၄၄၀ ကို လည်းကောင်း၊ တောင်ကလပ်ကျေးရွာမှ    ပြည်သူများအတွက် ဆီပိဿာ ၂၂၀ ကို လည်းကောင်း ရောင်းချသွားရန် စီစဉ်ထားကြောင်းနှင့် လာမည့် သီတင်းပတ်များတွင်လည်း ကျောက်ပန်းတောင်းမြို့ပေါ်ရှိ ရပ်ကွက်များတွင် လှည့်လည်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများ အသင်း ဥက္ကဋ္ဌ ဦးဝင်းဇော်ဦးထံမှ သိရသည်။