MNA လေကြောင်းလိုင်းမှ ယခုနှစ် အောက်တိုဘာလမှ စ၍ ဗုဒ္ဓဂယာနှင့် ဒူဘိုင်းတို့သို့ ခရီးစဉ်များ  တိုးချဲ့ပျံသန်းရန် စီစဉ်

MNA လေကြောင်းလိုင်းမှ ယခုနှစ် အောက်တိုဘာလမှ စ၍ ဗုဒ္ဓဂယာနှင့် ဒူဘိုင်းတို့သို့ ခရီးစဉ်များ  တိုးချဲ့ပျံသန်းရန် စီစဉ်

မြန်မာအမျိုးသား  လေကြောင်းလိုင်း (MNA) မှ ယခုနှစ် အောက်တိုဘာလမှစ၍ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု( UAE) ဒူဘိုင်းမြို့တို့ကို  ခရီးစဉ်များ  တိုးချဲ့ပျံသန်းရန် စီစဉ်လျက်ရှိကြောင်း MNA အမှုဆောင်အရာရှိချုပ် ကပ္ပတိန်ခုပ်ခန့်မုံ၏ ပြောပြချက်အရ သိရသည်။

MNA မှ နိုင်ငံတကာ လေကြောင်းခရီးစဉ်များကို ယခုနှစ် ဧပြီ ၁၇ ရက်မှ စတင်ကာ ပုံမှန်အတိုင်း ပြန်လည်ပျံသန်းပေးခဲ့ပြီး ပြီးခဲ့သည့်ဇူလိုင်လမှစ၍ တရုတ်နိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့ကို ခရီးစဉ်များ  တိုးချဲ့ပျံသန်း ပေးခဲ့ကြောင်း  သိရသည်။

‘အောက်တိုဘာ  ဒုတိယပတ်လောက် ကစပြီး အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာကို ဘုရားဖူးသွားကြမယ့်သူတွေ အတွက်   ရည်ရွယ်ပြီး Personal Charter Flight တိုးချဲ့ပျံသန်းဖို့ စီစဉ်ထားပါတယ်။ ဒါ့ပြင် နောက်ထပ် ခရီးစဉ်တစ်ခုက   ရန်ကုန်-ဒူဘိုင်း-ရန်ကုန် Direct Flight ပျံသန်းဖို့ စီစဉ်နေပါတယ်။ အဲဒီလေကြောင်း ခရီးစဉ်တွေ စတင်ပျံသန်းမယ့်အချိန်နဲ့  MNA လေကြောင်းလိုင်းအတွက်   နောက်ထပ် Boeing    လေယာဉ်တစ်စင်း ရောက်ရှိမယ့်အချိန်ကို အချိန်ကိုက်ဖြစ်အောင် ရည်မှန်းပြီး ဆောင်ရွက်နေပါတယ်” ဟု ကပ္ပတိန် ခုပ်ခန့်မုံကပြောသည်။

ယခုအခါ MNA လေကြောင်းလိုင်းအနေဖြင့် ရန်ကုန်နှင့် စင်ကာပူ၊ ဗန်ကောက်၊ ကွာလာလမ်ပူ၊အင်ချွန်း၊ ကူမင်း စသည့်မြို့များကို     ပြည်ပလေကြောင်း ခရီးစဉ်များ ပုံမှန်ပျံသန်းပေးလျက် ရှိကြောင်း သိရသည်။