ဆိပ်ဖြူမြို့နယ်ရှိ ကုန်းတွင်း(ယာ)သီးနှံ စိုက်ပျိုးတောင်သူများ မိုးသီးနှံ စိုက်ခင်းများ စတင်စိုက်ပျိုး

ဆိပ်ဖြူမြို့နယ်ရှိ ကုန်းတွင်း(ယာ)သီးနှံ စိုက်ပျိုးတောင်သူများ မိုးသီးနှံ စိုက်ခင်းများ စတင်စိုက်ပျိုး

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရှိ ကုန်းတွင်း(ယာ) သီးနှံစိုက်ပျိုးသူများသည် မိုးရွာသွန်းပြီး စိုက်ပျိုးရန် လုံလောက်သည့် စိုက်ပျိုးမြေ    အစိုဓာတ် ရရှိသည့်အတွက် မိုးသီးနှံစိုက်ခင်းများ စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်သည်   မိုးနည်းရပ်ဝန်း ဒေသဖြစ်သည့်အတွက် ဒေသခံတောင်သူများသည် မိုးရာသီတွင် ကုန်းတွင်း(ယာ) စိုက်ခင်းများ၌ မိုးသီးနှံ ပဲမျိုးစုံနှင့်ဝါ၊ ပြောင်းတို့ကို အများဆုံး စိုက်ပျိုးကြသည်။ နှစ်စဉ်ဇွန်နှင့်  ဇူလိုင်လတို့တွင်  စိုက်ပျိုးကြပြီး အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း စိုက်ပျိုးသီးနှံများ ပြန်လည်တူးဖော်ကြသည်။

ယခုနှစ် မိုးရာသီတွင် ကုန်းတွင်း(ယာ)သီးနှံ စိုက်ပျိုးသည့်အချိန်တွင် မိုးရွာသွန်းမှု နည်းပါးခဲ့ပြီး စိုက်ပျိုးရန် မြေအစိုဓာတ် နည်းခဲ့ခြင်းတို့ကြောင့် ပုံမှန်စိုက်ပျိုးသည့် ဇွန်လနှင့် ဇူလိုင်လတို့တွင် စိုက်ပျိုးနိုင်ခြင်း မရှိဘဲ သြဂုတ်လအတွင်းမှသာ စတင်စိုက်ပျိုးခဲ့ကြသည်။ မိုးရွာသွန်းမှုပေါ် မူတည်၍ ရရှိသည့် မြေအစိုဓာတ်ဖြင့် ဆီထွက်သီးနှံ မြေပဲကို အဓိကထား စိုက်ပျိုးပြီး သီးညှပ်အဖြစ် မိုးနေကြာ၊ ပဲစင်းငုံ၊ ပဲတီစိမ်းတို့ကိုလည်း      တန်းကြား၌ ထည့်သွင်းစိုက်ပျိုးကြောင်း၊ မိုးသီးနှံစိုက်ပျိုးရာတွင် သဘာဝ မြေသြဇာနှင့် မြေတွင်းပိုးသတ်ဆေးအဖြစ် ထုံးကို အသုံးပြု၍ စိုက်ပျိုးကြောင်း သိရသည်။