မြန်မာနိုင်ငံ စက်မှုလက်မှု သမိုင်းပြုစုရေး ဦးစီးကော်မတီ ညှိနှိုင်း အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံ စက်မှုလက်မှု သမိုင်းပြုစုရေး ဦးစီးကော်မတီ ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် သြဂုတ် ၆

မြန်မာနိုင်ငံ စက်မှုလက်မှု သမိုင်းပြုစုရေး ဦးစီးကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် (၇) မိုင်ရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန၌  ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်းနှင့်ပတ်သက်၍ မျိုးဆက်သစ်လူငယ်များ ဖတ်ရှုလေ့လာပြီး သိပ္ပံ၊ အင်ဂျင်နီယာနှင့် နည်းပညာဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားလာစေရန်  ရည်ရွယ်ပြုစုနေခြင်း ဖြစ်ကြောင်း၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်သည့်အခါ၊ ဖွံ့ဖြိုးပြီးလုပ်ငန်း များကို ရေရှည်ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သည့်အခါ၊ စက်မှုကဏ္ဍနှင့် ပတ်သက်၍ မျိုးဆက်သစ်လူငယ်များ လေ့လာသည့်အခါတို့တွင် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့် အခြေခံများ၊ နည်းပညာများ ဆောင်ရွက်သည့် လုပ်ငန်းစဉ်များ ပါဝင်သော ကျောထောက်နောက်ခံပြုနိုင်မည့်  သိပ္ပံ၊ အင်ဂျင်နီယာနှင့် နည်းပညာဆိုင်ရာ စာတမ်းကြီးတစ်ခုဖြစ်အောင် အားလုံးကြိုးစား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

အစည်းအဝေးသို့ တက်ရောက်လာသူများ အနေဖြင့် မြန်မာနိုင်ငံ စက်မှုလက်မှု သမိုင်းအား အချက်အလက် မှန်မှန်ကန်ကန်ဖြင့် အမြန်ဆုံး ထုတ်ဝေနိုင်ရေးအတွက် ဆွေးနွေးတင်ပြကြရန် မှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်း ပြုစုရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က မြန်မာနိုင်ငံ စက်မှုလက်မှု သမိုင်းတွင် ပါဝင်သင့်သည့် အချက်များ၊ ကဏ္ဍများကို ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လုပ်ငန်းခွင်သို့ ဝင်ရောက်မည့် အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၈) သင်တန်းဆင်း အရာထမ်းများကို မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းရှိ လျှပ်စစ်ဓာတ်ခွဲခန်းနှင့် လျှပ်စစ်ကျွမ်းကျင်မှု သင်တန်းခန်းမ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် အရာထမ်းအင်ဂျင်နီယာ ဝန်ထမ်းများအား နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော လုပ်ငန်းခွင်သို့ ဝင်ရောက်ရာတွင် ဖြေဆိုရမည့် Fundamental Engineering (FE) စာမေးပွဲနှင့် ပတ်သက်သည့် သိသင့်သိထိုက်သော အချက်များအား Power Point ဖြင့် ရှင်းလင်းပို့ချသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အရာထမ်းလောင်း  အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှုဘွဲ့လွန် ဒီပလိုမာ သင်တန်း အမှတ်စဉ်(၈)တွင် သင်တန်းသူ စံပြထူးချွန်ဆုနှင့် သင်တန်းသူ စာပေထူးချွန်ဆုရ အရာထမ်းနှစ်ဦးကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပြီး လုပ်ငန်းခွင်သို့ ဝင်ရောက်မည့် အရာထမ်းငယ်များကို     ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။