(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2 တိုင်းဒေသကြီးအဆင့် ဂုဏ်ပြုတေးသီချင်း သီဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2 တိုင်းဒေသကြီးအဆင့် ဂုဏ်ပြုတေးသီချင်း သီဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် တူယှဉ်နွှဲပျော်ဂီတပွဲတော်  Season-2 တိုင်းဒေသကြီး အဆင့် ဂုဏ်ပြုတေးသီချင်း သီဆိုပြိုင်ပွဲ၊ ပြိုင်ပွဲဝင် ရွေးချယ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ   ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်က  အဖွင့်အမှာစကား ပြောကြားရာ ပြည်သူအများ လွတ်လပ်ရေး၏ အနှစ်သာရကို တန်ဖိုးထားလေးစားစိတ်၊ မိမိတို့၏ အချုပ်အခြာအာဏာကို ကိုယ်တိုင်ထိန်းသိမ်းရမည် ဆိုသော ထက်သန်သည့် စိတ်ဖြစ်ပေါ်စေရန်၊ မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရန်၊ ပြည်သူများ၏ စိတ်ကိုအပန်းဖြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိစေနိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ပြိုင်ပွဲတွင်   ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်အသီးသီးမှ အဆိုဝါသနာရှင် မောင်မယ် ၁၅ ဦးက  ယနေ့နံနက်ပိုင်းမှ စတင်ကာ  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုတေးသီချင်း သီဆိုပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြပြီး နောက်ဆုံးအဆင့်  ခြောက်ဦးကို ရွေးချယ်ခဲ့ကြသည်။

အဆိုပါ ဆန်ခါတင်ရွေးချယ်ထားသော ခြောက်ဦး၏ ထပ်မံယှဉ်ပြိုင် သီဆိုနေမှုများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်နှင့် တိုင်းဒေသကြီး ဝန်ကြီးများက ကြည့်ရှု အားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက် ကျင်းပရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများနှင့် အကဲဖြတ်ဒိုင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးများက ဆုနှင့်ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းနှင့် ပထမ၊ ဒုတိယ၊ တတိယရရှိသူများအား စခန်းသွင်း လေ့ကျင့်၍ နိုင်ငံတော် အဆင့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု၍ ပါဝင်ယှဉ်ပြိုင်စေမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အဆင့်တွင် ပထမဆုရရှိသူအား ငွေကျပ်သိန်း ၁၀၀၊ ဒုတိယဆုရရှိသူအား ငွေကျပ်သိန်း ၅၀၊ တတိယဆုရရှိသူအား ငွေကျပ်သိန်း ၃၀ နှင့် နှစ်သိမ့်ဆု ရရှိသူခုနစ်ဦးအား တစ်ဦးလျှင်ငွေကျပ်သိန်း ၂၀ ချီးမြှင့်သွားမည်ဖြစ်ကြောင်း    သိရသည်။