သီရိမင်္ဂလာကမ္ဘာအေး စေတီတော်၌ ဓမ္မပူဇာမင်္ဂလာ သဘင်နှင့် သက်လွှတ်ပွဲ ကျင်းပ

သီရိမင်္ဂလာကမ္ဘာအေး စေတီတော်၌ ဓမ္မပူဇာမင်္ဂလာ သဘင်နှင့် သက်လွှတ်ပွဲ ကျင်းပ

ရန်ကုန်မြို့ရှိ ဆဋ္ဌသင်္ဂါယနာတင် သာသနာ့သမိုင်းဝင် သီရိမင်္ဂလာ ကမ္ဘာအေး စေတီတော် ဂေါပကအဖွဲ့မှ ကြီးမှူး ကျင်းပသည့် ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့) ဓမ္မပူဇာမင်္ဂလာ သဘင်ပွဲနှင့် သက်လွှတ်ပွဲကို သြဂုတ် ၁၁ ရက်တွင် အဆိုပါစေတီတော် ဂေါပကရုံး၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီးဝတ်အသင်း အဖွဲ့များက နတ်ဗြဟ္မာများကို ပင့်ဖိတ်ခြင်း၊  သမ္မာသမ္ဗုဒ္ဓ  သုံးလောက ထွဋ်ထားမြတ်စွာဘုရားအား ပင့်လျှောက်ခြင်း၊ အဂ္ဂသာဝကနှစ်ဆူဖြစ်သော အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန် ရဟန္တာအရှင်မြတ်နှစ်ပါးအား ပင့်လျှောက်ပြီး ကမ္ဘာအေးဘုရားရှိခိုးဖြင့်   ပူဇော်ကန်တော့ကြသည်။

ထို့နောက်   သီရိမင်္ဂလာကမ္ဘာအေး စေတီတော်ဂေါပက ဦးထွန်းဝင်းက မေတ္တာ အခါတော်နေ့ မေတ္တသုတ္တဓမ္မပူဇာ မင်္ဂလာထောမနာ စကားမြွက်ကြား၍ ဝတ်အသင်းအဖွဲ့များက မေတ္တသုတ်အမွှမ်းနှင့် မေတ္တသုတ် ပါဠိတော်များကို ရွတ်ဆိုခြင်း၊ မေတ္တာဘာဝနာပွားခြင်း၊ မေတ္တသုတ်လာ မေတ္တာပွားနည်း ၁၁ နည်းကို  ရွတ်ဆိုခြင်း၊  နတ်ဗြဟ္မာများကို ပြန်ပို့ခြင်း၊ ကမ္ဘာအေးအမျှဝေ စာတန်းရွတ်ဆိုခြင်းနှင့်    ဆုတောင်းပတ္ထနာ မေတ္တာပို့ကဗျာရွတ်ဆို ဆုတောင်းခြင်းများ ပြုလုပ်ကြသည်။

ဆက်လက်၍ သက်လွှတ်ပွဲကျင်းပရာ  သီရိမင်္ဂလာကမ္ဘာအေး စေတီတော် ဂေါပကအဖွဲ့နှင့် ဝတ်အသင်းအဖွဲ့များက သီရိမင်္ဂလာ  ကမ္ဘာအေး စေတီတော်အား လက်ယာရစ်လှည့်လည် ပူဇော်ကြပြီး ငှက်များကို ဘေးမဲ့လွှတ်ပေးခဲ့ကြောင်း သိရသည်။