၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ ဗဟိုအဆင့် အထိမ်းအမှတ် အခမ်းအနားကျင်းပ

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ ဗဟိုအဆင့် အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော်  သြဂုတ်  ၁၁

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ကျောင်းကျန်းမာရေး  သီတင်းပတ်လှုပ်ရှားမှုများ ဗဟိုအဆင့်အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ကျန်းမာရေးဝန်ကြီးဌာန  ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့်    ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတို့ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက  ပညာရေးဝန်ကြီးဌာနသည် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကျန်းမာရေး အဆင့်မြှင့်ကျောင်းထူထောင်ရေး လုပ်ငန်းများဖြစ်သည့် ကျောင်းအခြေပြု ကျန်းမာရေး အသိပညာမြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေး  စောင့်ရှောက်မှုလုပ်ငန်း၊ ကျောင်းမှ ပြည်သူအတွင်းသို့ မူမှန်လူနေမှုဘဝဟန်များ ရောက်ရှိရေးလုပ်ငန်း၊ အာဟာရဖွံ့ဖြိုးရေးနှင့်   အစားအစာအန္တရာယ်ကင်းဝေးရေးလုပ်ငန်းနှင့် ရောဂါကာကွယ်ရေးလုပ်ငန်းများကို  အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း။

ယခုကဲ့သို့     ကျောင်းကျန်းမာရေး ရက်သတ္တပတ် အခမ်းအနားကျင်းပခြင်းဖြင့် ကျောင်းကျန်းမာရေး လုပ်ငန်း များ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းပါဝင်  ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။  

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် သြဂုတ် ၇ ရက်မှ ၁၃ ရက်အထိကျရောက်သည့် ကျောင်းကျန်းမာရေး သီတင်းပတ်တွင် အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော် ကြီးသင်စာသင်ကျောင်းများရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆ ဒသမ ၆ သန်းခန့်အား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပထမအကြိမ် ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက အထိမ်းအမှတ်ပြခန်းငယ်ကို လှည့်လည် ကြည့်ရှုကြသည်။

အစီအစဉ်ဒုတိယပိုင်းအဖြစ် ပြည်ထောင်စု နယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းတွင်ဆောင်ရွက်နေသော ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများကို ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည်   ကျောင်းသား၊ ကျောင်းသူများကို သန်ချ ဆေးတိုက်ကျွေးခြင်း၊ ပျိုဖော်ဝင်ဆယ်ကျော်သက်ကျောင်းသူများကို သံဓာတ်အားဆေးပေးဝေခြင်းနှင့် သူငယ်တန်း ကျောင်းသား၊ ကျောင်းသူများအား နို့၊ ကြက်ဥပြုတ်နှင့် ဌက်ပျောသီး အာဟာရများ ပေးဝေကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ၏ စနစ်မှန်သွားတိုက်ခြင်း သရုပ်ပြခြင်းကို အားပေးကြည့်ရှုခြင်း၊ ကျောင်းစာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာစေကြောင်း အလေ့အကျင့် ကောင်းများနှင့်ပတ်သက်၍ ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်းနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ ကျောင်းခန်းမရှေ့ရှိစာသင်ခန်းများအတွင်းတွင် ကျောင်းသား၊ ကျောင်းသူများက ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ စာစီစာကုံးများ ရေးခြယ်သီကုံးနေမှုများကို  လှည့်လည်အားပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများနှင့် အထိမ်းအမှတ်  အခမ်းအနား များကို ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။