၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်း ဒေသကြီး ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်း ဒေသကြီး ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော်  သြဂုတ်  ၁၂

ပြည်နယ်နှင့်   တိုင်းဒေသကြီးများမှ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ဂျူဒိုအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (A) ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ  အဖွဲ့ဝင်များ ဖြစ်ကြသော ဒေါ်အေးနုစိန်၊  Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ စောဒန်နီယယ်နှင့် ဒေါက်တာ ဗညားအောင်မိုး၊   ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ  တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့်   အားကစားသမားများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဂျူဒိုအားကစားနည်းသည် ဂျပန်လူမျိုးများ၏ ရိုးရာအားကစားနည်း တစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံမှ လူငယ်လူရွယ် အများအပြား စိတ်ပါဝင်စားစွာ   လေ့ကျင့်ကစားနိုင်သည့်  ကိုယ်ခံပညာရပ် တစ်ခုဖြစ်ကြောင်း၊  ဂျူဒို အားကစားနည်းသည် ၁၉၆၅ ခုနှစ် (၃)ကြိမ် မြောက်  အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲမှ ၂၀၁၉ ခုနှစ် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲအထိ ရွှေတံဆိပ် ၂၅ ခု၊ ငွေတံဆိပ် ၆၂ ခုနှင့် ကြေးတံဆိပ် ၇၄ ခုတို့ကို ဆွတ်ခူး ရရှိခဲ့ကြောင်း၊  ထို့ပြင် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်လည်း ဂျူဒိုအားကစားနည်းဖြင့် ငွေတံဆိပ် နှစ်ခုနှင့်  ကြေးတံဆိပ်နှစ်ခု၊   ကူရတ် အားကစားနည်းဖြင့်  ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ် တစ်ခုနှင့် ကြေးတံဆိပ်   နှစ်ခုဆွတ်ခူး ရယူပေးနိုင်ခဲ့သည်ကို   တွေ့ရှိရကြောင်း၊  ပြည်နယ်နှင့်  တိုင်းဒေသကြီး ပြိုင်ပွဲများမှ     ထူးချွန်မျိုးဆက်သစ် အားကစားသမားများကို    စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးရန်နှင့် အောင်မြင်မှု အစဉ်အလာကောင်းများကို     မြန်မာနိုင်ငံ  ဂျူဒိုအားကစား အဖွဲ့ချုပ်အနေဖြင့် ဆက်လက် ထိန်းသိမ်းထားရန် လိုကြောင်း၊ နိုင်ငံတော်မှ   နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် အားကစားသမားများ၏ ရေရှည်ဘဝ အာမခံချက်ရရှိစေရန်နှင့်   အကြောင်းအမျိုးမျိုးကြောင့် အားကစား လှုပ်ရှားမှုများ မပြုလုပ်နိုင်တော့သည့် မြန်မာ့လက်ရွေးစင် အားကစား သမားဟောင်းများအတွက် ထောက်ပံ့ကူညီ နိုင်ရေး အစီအမံများကိုလည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြောကြားခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစား သစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုခဲ့ကြပြီး  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံ နှုတ်ဆက်ခဲ့သည်။ ထို့နောက် ပထမနေ့  ဂျူဒိုပြိုင်ပွဲ (အမျိုးသား)ခတပွဲစဉ်   နှစ်ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲ   သရုပ်ပြယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေးသည်။

အဆိုပါ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ  အမျိုးသားအသင်း၁၂ သင်း၊ အမျိုးသမီးအသင်း ၁၃ သင်း၊အသင်း အုပ်ချုပ်သူ/နည်းပြ၊ အားကစားသမား အင်အားစုစုပေါင်း ၂၃၇  ဦးဖြင့် ပြိုင်ပွဲကာလအား သြဂုတ် ၁၂ ရက်မှ  ၁၆ ရက်အထိ   ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသွားမည်ဖြစ်ရာ ဂျူဒိုအားကစားနည်းကို စိတ်ပါဝင်စားသည့်    မည်သူမဆို အခမဲ့   လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သတင်း ရရှိသည်။