AFC Women's Club Championship 2022 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်ISPE  FC အမျိုးသမီးဘောလုံးအသင်း ထိုင်းနိုင်ငံသို့ ထွက်ခွာ

AFC Women's Club Championship 2022 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်ISPE  FC အမျိုးသမီးဘောလုံးအသင်း ထိုင်းနိုင်ငံသို့ ထွက်ခွာ

ရန်ကုန်  သြဂုတ်  ၁၂

အာရှဘောလုံးအဖွဲ့ချုပ်က ကြီးမှူး၍ ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFC Women's Club Championship 2022(EAST) အာရှအမျိုးသမီး ကလပ်အသင်းများ(အရှေ့ပိုင်းဇုန်)ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ISPE FC   အမျိုးသမီးဘောလုံး အသင်းသည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ မြန်မာအမျိုးသား လေကြောင်းဖြင့် ထွက်ခွာသွားကြသည်။

ISPE FC အမျိုးသမီး ဘောလုံးအသင်းကို အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြာက ဦးဆောင်ကာ အုပ်ချုပ်သူ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယညွှန်ကြားရေးမှူး ဦးသိုင်းထွန်းဇော်၊ နည်းပြချုပ် အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး) အားကစားမှူး ဒေါ်နုနုခိုင်ဝင်း၊ ဂိုးနည်းပြ အားကစားနှင့် ကာယပညာဦးစီးဌာန   အားကစားမှူး  ဒေါ်ဇာဇာမြင့်နှင့် ကစားသမား ၂၃ ဦး လိုက်ပါသွားကြသည်။

အာရှအမျိုးသမီး ကလပ်အသင်းများ(အရှေ့ပိုင်းဇုန်) ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ISPE FC အမျိုးသမီးဘောလုံး အသင်းအား အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်  ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူတို့က   ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါ  AFC Women's Club Championship 2022(EAST)အာရှအမျိုးသမီး ကလပ်အသင်းများ (အရှေ့ပိုင်းဇုန်)ပြိုင်ပွဲကို သြဂုတ် ၁၅ ရက်မှ ၂၁ ရက်အထိ ထိုင်းနိုင်ငံ ချောင်ဘူရီမြို့၌ ကျင်းပသွားမည် ဖြစ်ပြီး ယင်းပြိုင်ပွဲ၌ တရုတ်(တိုင်ပေ)မှ Taichung Blur Whale FC(TPE) ၊ မြန်မာနိုင်ငံမှ ISPE FC နှင့် ထိုင်းနိုင်ငံ ကိုယ်စားပြု ၂၀၂၂ ခုနှစ် ထိုင်းအမျိုးသမီးလိဂ် ချန်ပီယံအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ISPE FC မြန်မာဘောလုံး အသင်းအနေဖြင့်  သြဂုတ် ၁၅ ရက် ည ၆ နာရီတွင် Taichung Blur Whale FC(TPE) အသင်းနှင့် လည်းကောင်း၊ သြဂုတ် ၁၈ ရက် ည ၆ နာရီတွင် Champion of 2022 Season(THA) အသင်းနှင့် လည်းကောင်း Chonburi  Stadium ၊ချောင်ဘူရီမြို့၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာဦးစီး ဌာနမှ သိရသည်။