မလေးရှားနိုင်ငံခြားရေး ဝန်ကြီး၏ ပြောကြားချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက် သတင်းထုတ်ပြန်ချက်

မလေးရှားနိုင်ငံခြားရေး ဝန်ကြီး၏ ပြောကြားချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်

သတင်းထုတ်ပြန်ချက်

    မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၈-၈-၂၀၂၂ ရက်နေ့က ကျင်းပခဲ့သည့် အာဆီယံနေ့ အခမ်းအနားနှင့် ၁၀-၈-၂၀၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာ၏ ပြောကြားချက်များအပေါ် နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ပါသည်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေသည့် မတရား အသင်းအဖွဲ့များနှင့် ထိတွေ့ဆက်ဆံရန် အာဆီယံ အဖွဲ့ဝင်များအား တိုက်တွန်းသည့် မလေးရှား နိုင်ငံခြားရေးဝန်ကြီး၏ တာဝန်မဲ့ပြောကြားချက်များအပေါ် ပြင်းထန်စွာ ကန့်ကွက်ပါသည်။ ယင်းကဲ့သို့ မဆင်မခြင် ပြောကြားချက်များသည် နိုင်ငံတွင်း မငြိမ်မသက်မှုနှင့် အကြမ်းဖက်လုပ်ရပ်များကို အားပေးရာ ရောက်သည့်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက်ပြီး ယင်းပြောကြားချက်များသည် အာဆီယံ ပဋိညာဉ်စာတမ်း အပိုဒ်(၂) အပိုဒ်ခွဲ (င)နှင့်(စ)ကို လည်းကောင်း၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ အပိုဒ်(၂) အပိုဒ်ခွဲ(၇)ကို လည်းကောင်း ချိုးဖောက်ရာ ရောက်ပါသည်။  

တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ မဟုတ်သည့် နိုင်ငံများကို ပါဝင်လာစေရန် ပြောဆိုချက်များသည် အာဆီယံ၏ အချက်အချာကျမှုကို လျော့ပါးစေပြီး၊ အာဆီယံ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်၏ လုပ်ဆောင်ချက်များကိုလည်း လမ်းကြောင်း လွဲမှားစေမည်ဖြစ်သည်။

အာဆီယံက မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်သည့် လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံက ပူးပေါင်းပါဝင်ခြင်း မရှိကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး၏ စွပ်စွဲပြောဆိုမှုသည် မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်ရေးဆိုင်ရာ အာဆီယံညှိနှိုင်းရေး ဗဟိုဌာန(AHA  စင်တာ)မှတစ်ဆင့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရာတွင် သိသာထင်ရှားသည့် တိုးတက်မှုများကို လျစ်လျူရှုရာရောက်ပြီး မြန်မာနိုင်ငံအစိုးရ၏ AHA စင်တာနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကြိုးပမ်းဆောင်ရွက်ချက်များကို  အသိအမှတ်ပြုခြင်း မရှိသည့်အတွက် ပြင်းထန်စွာ ကန့်ကွက်ပါသည်။    

မြန်မာနိုင်ငံ၌ ငြိမ်းချမ်း တည်ငြိမ်မှုကို  အမှန်တကယ် တွေ့မြင်လိုသည့် ဆန္ဒရှိသည့် မည်သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံမဆို မြန်မာနိုင်ငံ၌ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဆိုးရွားစွာ ထိခိုက်စေမည့် ယခုကဲ့သို့ ပြောကြားချက်မျိုးကို ရှောင်ရှားသင့်ပါသည်။ သို့ပါ၍ မလေးရှား နိုင်ငံခြားရေးဝန်ကြီးမှ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်သည့် တာဝန်မဲ့ ပြောကြားချက်များကို ထပ်ခါထပ်ခါ ပြောကြားနေမှုများအပေါ် နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ပါသည်။

မလေးရှားနိုင်ငံခြားရေး ဝန်ကြီး၏ ပြောကြားချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနသို့လည်း ကန့်ကွက်စာ ပေးပို့ခဲ့ကြောင်း ဖော်ပြအပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ  ၁၂  ရက်