ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းအဆင့်ကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုနှင့် အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်၌ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းအဆင့် ကျောင်း ကျန်းမာရေး လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို သြဂုတ် ၁၂ ရက် နံနက် ၉ နာရီတွင် အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

 အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ကျန်းမာသန်စွမ်းသည့် လူ့အဖွဲ့အစည်းတည်ဆောက်နိုင်ရန်နှင့် လူတစ်ဦးချင်းစီ၏ ပျမ်းမျှသက်တမ်း တိုးမြှင့်နိုင်ရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိရာ  ကျောင်းသား လူငယ်များအတွက်  ကျန်းမာရေးအဆင့်အတန်း မြင့်မားရေးသည်လည်း အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ ယခု၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် သြဂုတ် ၇ ရက်မှ ၃ ရက်အထိ ကျရောက်သည့် ကျောင်းကျန်းမာရေး သီတင်းပတ်၌  တိုင်းအဆင့် အထိမ်းအမှတ် လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိပြီး ပြည်ထောင်စုနယ်မြေ အတွင်းရှိ အခြေခံပညာကျောင်းများ၊  ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် စာသင်ကျောင်းများရှိ မူလတန်း၊  အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း နှစ်သိန်းကျော်ခန့်ကို  ပထမအကြိမ်ကျောင်း အခြေပြု သန်ချဆေး တိုက်ကျွေးသွားမည်ဖြစ်ကြောင်း အမှာစကား ပြောကြားသည်။

 ထို့နောက် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီရိနွယ်က ကျောင်းကျန်းမာရေးနှင့်ပတ်သက်၍ ကျန်းမာရေးဌာနမှ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော်များဖြင့် ကပြဖျော်ဖြေကြသည်။

 ဆက်လက်၍   နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် တာဝန်ရှိသူများက စနစ်တကျ လက်ဆေးခြင်း၊ ကလေးများ၏ သွားတိုက်နည်းစနစ်များ မှန်ကန်စွာ သရုပ်ပြခြင်းများကို လိုက်လံ ကြည့်ရှုကြကြောင်း သိရသည်။

တင်ဆန်းဦး