တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုထောက်ခံ

သြဂုတ်လပထမပတ်အတွင်းဖြစ်ပွားခဲ့သော အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ၏ ခရီးစဉ်တစ်ခုသည် တရုတ်နိုင်ငံအတွက် မလိုလားအပ်သော ခရီးစဉ်ဖြစ်ခဲ့သလို ကမ္ဘာ့နိုင်ငံအသီးသီးမှ စောင့်ကြည့်ရသည့် ခရီးစဉ်တစ်ခု ဖြစ်ခဲ့သည်။ သြဂုတ်လ ၂ ရက်ညတွင် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီသည်  ထိုင်ဝမ်သို့ ရောက်ရှိလာခဲ့သည်။  ထိုလုပ်ရပ်သည်  နိုင်ငံရေးအရရန်စမှုဖြစ်ကြောင်း တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုသာမက တရုတ်-အမေရိကန်နှစ်နိုင်ငံအကြား ရရှိထားသည့် ပူးတွဲကြေညာချက်သုံးရပ်နှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေခံစံသတ်မှတ်ချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်က ထုတ်ပြန်ခဲ့သည်။ ထို့အတူနန်စီပီလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့သည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ၏ ထိုင်ဝမ်ခရီးစဉ်သည် လုံးလုံးလျားလျားရန်စခြင်း ဖြစ်ကြောင်း၊ အခြေအနေတစ်ခုသို့ ရောက်အောင် တွန်းပို့ပေးနေခြင်း ဖြစ်ကြောင်း၊ ထိုင်ဝမ်သည် အထိအခိုက်မခံသည့် အခြေအနေဖြစ်သည်ကို တစ်ကမ္ဘာလုံးက သိရှိနားလည် သဘောပေါက်ထားကြောင်း၊  ထိုအရေးနှင့် ပတ်သက်၍  တရုတ်နိုင်ငံဘက်မှအခိုင်အမာရပ်တည်ကြောင်း၊  ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က သြဂုတ် ၂ ရက်တွင်ပြောကြားခဲ့သည်။   ထိုင်ဝမ်ကျွန်းပေါ်တွင်ရှိသည့် ထိုင်ဝမ်မှာ တရုတ်ပြည်မကြီး၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုအဖြစ်  တရုတ်အစိုးရက သတ်မှတ်ထားသည့်အပြင် ကမ္ဘာ့နိုင်ငံ အများစုကလည်း တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုစွဲကိုင်ထားသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း တရုတ်တစ်နိုင်ငံတည်းမူဝါဒကိုသာထောက်ခံကြောင်း ထပ်လောင်းပြောထားသည်။

ထိုင်ဝမ်ကျွန်းမှာ ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်း အရှေ့ပင်လယ်နှင့်တောင်တရုတ်ပင်လယ် တို့ဆုံရာနေရာတွင် တည်ရှိသည့် ကျွန်းတစ်ကျွန်းဖြစ်သည်။ ယခင်ကဖော်မိုဆာကျွန်းဟု ခေါ်ခဲ့သည်။ မြန်မာ့ လွတ်လပ်ရေးအတွက် ရဲဘော်သုံးကျိပ် စစ်ပညာသင်ယူခဲ့သည့်နေရာလည်း ဖြစ်သည်။   ထိုစဉ်က ဂျပန်တို့ လက်အောက်တွင် ရှိနေခဲ့သည်။ ထိုင်ဝမ်ကျွန်းဆိုသည်မှာ တရုတ်နိုင်ငံ၏ဖဲ့ထုတ်မရသည့်အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံကအခိုင်အမာပြောထားသလို ထိုင်ဝမ်ကျွန်းကလည်း သူတို့ဟာလွတ်လပ် သည့်နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံတကာ၏အသိအမှတ်ပြုမှုကိုရယူနိုင်ရေးကြိုးပမ်းပြီး တရုတ်ပြည်မကြီးကနေ ခွဲထွက်ရန်ကြိုးစားနေသည်။

ထိုအခြေအနေတွင် နိုင်ငံတော်စည်းလုံးညီညွတ်မှု ပြိုကွဲလျှင် ပြန်လည်ပေါင်းစည်းရေးလုပ်ပေးမည့်အစား သူတို့၏ အကျိုးစီးပွားအတွက် အသုံးချရန်အသင့်စောင့်နေသူများမှာ အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံများ ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏အင်အားကြီးထွားလာမှုကိုထိန်းချုပ်ရန်အတွက် အနောက်အုပ်စုက ထိုင်ဝမ်ကျွန်းကို ကြားခံစစ်တလင်းအဖြစ် ဖန်တီးနေခြင်း ဖြစ်သည်။ ၁၉၄၀ ပြည့်နှစ်လွန်ကာလတွင် တရုတ်ပြည်တွင်းစစ်ဖြစ်ပွားမှုနှင့် ပြင်ပအင်အားစုများ၏ ကြားဝင်စွက်ဖက်မှုကြောင့်   ထိုင်ဝမ်ရေလက်ကြား၏ ဟိုဘက်သည်ဘက်ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့သည်။

၁၉၇၁ ခုနှစ်တွင်ကျင်းပခဲ့သည့် (၂၆)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် အမှတ် ၂၇၅၈ ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အစိုးရကိုသာ ကုလသမဂ္ဂတွင်ကိုယ်စားလှယ်ထားခွင့်ပေးခဲ့ပြီး ချန်ကေရှိတ်တို့၏ ကိုယ်စားလှယ် အဖွဲ့ကို ကုလသမဂ္ဂမှနှင်ထုတ်ကြောင်း ဖော်ပြထားသည်။ ထို့ပြင်ထိုင်ဝမ်ကျွန်း ပါဝင်သော တရုတ်နိုင်ငံသည် တစ်နိုင်ငံတည်းသာရှိပြီး  တရုတ်နိုင်ငံနှစ်နိုင်ငံမရှိကြောင်း ကိုလည်း အတိအလင်းထုတ်ပြန် ကြေညာခဲ့ပြီး ဖြစ်သည်။ထို့ကြောင့် တရုတ်တစ်နိုင်ငံတည်းဆိုသည့် အခြေခံ သဘောတရားမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် လက်ခံထားသော အမှန်တရားဖြစ်သည်။  ထိုသဘော တရားကိုလက်ခံကာ တရုတ်နိုင်ငံနှင့်တရားဝင်သံတမန်ဆက်ဆံရေးထူထောင်ထားသောနိုင်ငံပေါင်းမှာ အမေရိကန် အပါအဝင် ၁၈၁ နိုင်ငံရှိကြောင်းသိရှိရသည်။

၁၉၇၈ ခုနှစ် ဒီဇင်ဘာလတွင်ထုတ်ပြန်ခဲ့သော တရုတ်-အမေရိကန်တရားဝင်သံတမန်ဆက်ဆံရေး ထူထောင်မှု ပူးတွဲသဘောတူကြေညာချက်တွင် တရုတ်နိုင်ငံဆိုတာ တစ်နိုင်ငံတည်းသာရှိပြီး ထိုင်ဝမ်ဆိုတာ တရုတ်နိုင်ငံ၏ အစိတ်အပိုင်းဖြစ်သည် ဆိုသည့်အချက်ကို အမေရိကန်ပြည်ထောင်စုအစိုးရက အသိအမှတ်ပြုကြောင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အစိုးရကိုသာ တရုတ်နိုင်ငံ၏တစ်ခုတည်းသော တရားဝင်အစိုးရ အဖြစ်သတ်မှတ်ကြောင်း ဖော်ပြထားသည်။ တရုတ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ခွဲထွက်ခွင့်တားမြစ် ဥပဒေ၊ အမျိုးသားလုံခြုံရေး ဥပဒေတို့မှာလည်း ထိုင်ဝမ်ကျွန်းသည် တရုတ်နိုင်ငံ၏လက်အောက်မှာသာ ရှိကြောင်း ဖော်ပြထားသည်။ ထိုင်ဝမ်ကျွန်းသည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းဖြစ်ကြောင်း သမိုင်းကြောင်း များအရလည်းကောင်း၊ ဥပဒေကြောင်းများအရလည်းကောင်း ငြင်းပယ်၍မရသည့် အမှန်တရားဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် မြန်မာတို့အနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အစဉ်တစိုက် စွဲစွဲမြဲမြဲ မှတ်ယူထားပါ ကြောင်း ရေးသားလိုက်ရပေသည်။   ။