တရုတ်(တိုင်ပေ)အရေးနှင့် စပ်လျဉ်းပြီး စက္ကူဖြူစာတမ်းထုတ်ပြန်၍ ကမ္ဘာ့နိုင်ငံများအား သတိပေးလိုက်သည့်တရုတ်

တရုတ်(တိုင်ပေ)အရေးနှင့် စပ်လျဉ်းပြီး စက္ကူဖြူစာတမ်းထုတ်ပြန်၍ ကမ္ဘာ့နိုင်ငံများအား သတိပေးလိုက်သည့်တရုတ်

တရုတ်အစိုးရသည် တရုတ်(တိုင်ပေ)အရေးနှင့်စပ်လျဉ်းပြီး    စက္ကူဖြူစာတမ်းတစ်စောင်ထုတ်ပြန်၍ ကမ္ဘာ့နိုင်ငံများအားသတိပေးလိုက်သည်။

တရုတ်နိုင်ငံအနေဖြင့် တရုတ်(တိုင်ပေ)၏ ခွဲထွက်ရေးလုပ်ဆောင်မှုများကို လုံးဝသည်းခံမည်မဟုတ်ဘဲ တရုတ်ပြည်မကြီးနှင့်  ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ပါက   အင်အားအသုံးပြုမည်ဖြစ်ကြောင်း တရုတ်အစိုးရက ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း၌ ထုတ်ပြန်သည်။

တရုတ်အစိုးရ၏အဆိုပါထုတ်ပြန်ချက်သည် တရုတ်(တိုင်ပေ)သို့  အမေရိကန်အောက်လွှတ်တော်အမတ် နန်စီပီလိုဆီလာရောက်လည်ပတ်မှုကို   တုံ့ပြန်သည့်အနေဖြင့် တရုတ်တပ်မတော်က တရုတ်(တိုင်ပေ)အနီး၌ စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ပြီး နောက်ပိုင်းတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

တရုတ်နိုင်ငံက  လုပ်ဆောင်ခဲ့သည့် အဆိုပါစစ်ရေးလေ့ကျင့်မှုများမှာ မကြုံစဖူး ထူးခြားစွာလုပ်ဆောင်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုများ ဖြစ်သည်ဟု ဆိုနိုင်သည်။

အထူးသဖြင့် တရုတ်အစိုးရက သတိပေးနေသည့်ကြားမှ အမေရိကန်အစိုးရက အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုဆီအား တရုတ်(တိုင်ပေ)သို့ စေလွှတ်ခဲ့ခြင်းသည် နိုင်ငံ၏အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေပေါင်းစည်းမှုကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ယူဆမှုများထွက်ပေါ်လျက်ရှိသည်။

ထို့ကြောင့်  တရုတ်(တိုင်ပေ) ခွဲထွက်ရေးသမားများ သို့မဟုတ် ထိုသို့ခွဲထွက်ရန်လှုံ့ဆော်ပေးနေသည့်   ပြည်ပအင်အားစုများအနေဖြင့် တရုတ်နိုင်ငံက သတ်မှတ်ထားသည့်မူဘောင်ကျော်လာပါက ပြင်းထန်ပြီး ထိရောက်သည့် တုံ့ပြန်မှုများကို လုပ်ဆောင်မည်ဟု   တရုတ်အစိုးရက ထုတ်ပြန်သည့်     စက္ကူဖြူစာတမ်းတွင်ဖော်ပြထားသည်။

ထို့ပြင်  တရုတ်အစိုးရသည်  လက်ရှိတွင် တရုတ်(တိုင်ပေ)သို့မဟုတ် ထိုင်ဝမ်ရေလက်ကြားတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို   အနီးကပ်စောင့်ကြည့်နေပြီး တရုတ်လက်နက်ကိုင်တပ်ဖွဲ့များအား အသင့်အနေအထား ပြင်ဆင်ထားသည်။

ထို့ပြင် ထိုင်ဝမ်ရေလက်ကြားရှိ ရေပိုင်နက်များအတွင်း၌လည်း တရုတ်တပ်များအား တိုက်ပွဲဝင်အသင့်ရှိနေစေရန် ကင်းလှည့်စောင့်ကြည့်မှုများ   လုပ်ဆောင်ရန် စီစဉ်လျက်ရှိသည်။ တရုတ်အစိုးရအစဉ်အဆက်သည် တရုတ် (တိုင်ပေ)က ပြည်မကြီးမှ ခွဲထွက်ရန် ကြိုးပမ်းသည့်မည်သည့် လုပ်ဆောင်ချက်မျိုးကိုမဆို   ကန့်ကွက် ထားသည့်အပြင်     ထိုသို့ခွဲထွက်ရေးအတွက် အားပေးအားမြှောက်ပြုနေသည့် ပြည်ပနိုင်ငံများ၏   လုပ်ဆောင်ချက်များကိုလည်း   ချေမှုန်းသွားမည်ဖြစ်ကြောင်း အတိအလင်း ကြေညာထားသည်။

တစ်နည်းအားဖြင့်ဆိုရပါမူ တရုတ်နှင့် တရုတ်(တိုင်ပေ)တို့ ပြန်လည်ပေါင်းစည်းမည့်ကြိုးပမ်းချက်ကို   အမေရိကန်ကဲ့သို့သောပြည်ပနိုင်ငံများက အဟန့်အတားပြုနေသည်ဟု တရုတ်က ရှုမြင်လျက်ရှိသည်။  တရုတ်နိုင်ငံက  ထိုသို့ရှုမြင်မည်ဆိုပါက ရှုမြင်စရာပင်။ အမေရိကန်အစိုးရသည်  တရုတ်နိုင်ငံက  အတန်တန်တားမြစ်နေသည့်ကြားမှ    တရုတ်(တိုင်ပေ) သို့ လက်နက်ခဲယမ်းများရောင်းချနေသည့်အပြင်   အမေရိကန်အောက်လွှတ်တော်အမတ် နန်စီပီလိုဆီ၏ခရီးစဉ်ကို အတည် ပြုပေးခဲ့သောကြောင့်ပင်ဖြစ်သည်။

တရုတ်နိုင်ငံ၏ သဘောထားကိုကြည့်မည်ဆိုပါက တရုတ်(တိုင်ပေ)နှင့် ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် စီးပွားရေးအရ ဆွဲဆောင်မှုများနှင့်  စစ်ရေးအရ ဖိအားပေးမှုများကိုအသုံးပြု၍  လုပ်ဆောင်ရန်စီစဉ်ထားသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

ထို့ပြင်   အမေရိကန်နိုင်ငံအတွင်းရှိ တချို့အင်အားစုများသည် တရုတ်(တိုင်ပေ)အား  အရုပ်တစ်ရုပ်ကဲ့သို့  အသုံးချ၍တင်းမာမှုများ ဖြစ်ပွားစေရန် လုပ်ဆောင်နေသည်ဟု တရုတ်အစိုးရကစွပ်စွဲထားသည်။

အဘယ်ကြောင့်ဆိုသော် အမေရိကန်အောက်လွှတ်တော်အမတ် နန်စီပီလိုဆီ၏ ခရီးစဉ်အတွင်း အမေရိကန်အစိုးရ အနေဖြင့် တရုတ်(တိုင်ပေ)အပေါ် ထားရှိသည့် ကတိကဝတ်ကို ဆက်လက်ထိန်းသိမ်းသွားမည်ဟု   နန်စီပီလိုဆီက ပြောကြားခဲ့ခြင်းကြောင့်ဖြစ်သည်။

အမေရိကန်နိုင်ငံ၏     အဆိုပါလုပ်ဆောင်ချက်များသည်  တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို   ဝင်ရောက် စွက်ဖက်နေခြင်း ဖြစ်သည်ဟု တရုတ်အစိုးရက တုံ့ပြန်ပြောကြားထားသောကြောင့်    ထိုင်ဝမ်ရေလက်ကြား အရေးသည် အင်အားကြီးနှစ်နိုင်ငံကြား ကွဲပြားမှုများကို ဆက်လက်ဖြစ်ပေါ်စေမည့် အလားအလာရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

Ref: CNA