နိုင်ငံတကာရေတပ်မှာရေပန်းစားလာတဲ့ အဝေးထိန်းလက်နက်စနစ်

နိုင်ငံတကာရေတပ်မှာရေပန်းစားလာတဲ့ အဝေးထိန်းလက်နက်စနစ်

ကမ္ဘာပေါ်ရှိရေတပ်များက  သူတို့ရဲ့ပစ်အားကို တိုးမြှင့်နိုင်စေရေးအတွက် အရွယ်အစားအမျိုးမျိုးသော စစ်သင်္ဘောများမှာ  အဝေးထိန်းလက်နက်စနစ်များကို တပ်ဆင်ရန်ကြိုးပမ်းလာတာနဲ့အမျှ ရေတပ်သုံးအဝေးထိန်းလက်နက်စနစ်က တစ်နေ့တခြား လူကြိုက်များလာပါတယ်။

အထူးသဖြင့် ပင်လယ်ပြင်အချို့မှာ ရေပိုင်နက်အငြင်းပွားမှုများဖြစ်ပွားနေတာကြောင့်  ရေတပ်စစ်အင်အားက အခရာကျလာတဲ့ အင်ဒို-ပစိဖိတ်ဒေသအတွင်းရှိ နိုင်ငံများအတွက် အဓိကအကျဆုံးသောလက်နက်တစ်မျိုး ဖြစ်လာတယ်လို့လည်း ဆိုနိုင်ပါတယ်။

ရေပိုင်နက်အငြင်းပွားမှုများ  ဖြစ်ပွားလာတာနဲ့အမျှထိုနေရာကိုပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုနေ ကြတဲ့နိုင်ငံများအကြား ပဋိပက္ခများဖြစ်ပွားရသည်မှာ သမားရိုးကျဖြစ်ရိုးဖြစ်စဉ်ပင် ဖြစ်ပါတယ်။ သို့သော် ထိုသို့ပဋိပက္ခများမှတစ်ဆင့်  ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံမှုများ အထိလည်း တိုးမြင့်ဖြစ်ပွားလာနိုင်ပါတယ်။

ထိုသို့သောအခြေအနေများကြောင့်  အသေးစားအမြန်သွားကင်းလှည့်ရေယာဉ်များမှသည် စစ်သင်္ဘောကြီး များအထိ အချိန်အခါမရွေး၊ နေရာမရွေး အလွယ်တကူတပ်ဆင်အသုံးပြုနိုင်စေမယ့် လက်နက်စနစ်များကို လိုအပ်မှုကလည်း မြင့်တက်လာရခြင်းဖြစ်ပါတယ်။

ဘယ်နိုင်ငံမှာရှိတဲ့ရေတပ်မဆို သူတို့နိုင်ငံရဲ့အထူးစီးပွားရေးဇုန်ကို လည်းကောင်း၊ မဟာဗျူဟာအရ အချက်အချာကျတဲ့ နေရာများကို လည်းကောင်း ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိရမှာ ဖြစ်ပြီး အင်အားသုံး ကာကွယ်မှုနဲ့ ဟန့်တားပိတ်ပင်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်စွမ်းရှိရမှာ ဖြစ်ပါတယ်။

ဒါ့အပြင်  ထိုသို့သောလုပ်ငန်းများကိုဆောင်ရွက်မယ့် ရေယာဉ်များသည်လည်း အမြန်သွား တိုက်ခိုက်ရေး ရေယာဉ်၊ မောင်းသူမဲ့ရေယာဉ်အသစ်များနဲ့ အခြားရေယာဉ်များအပြင် ရဟတ်ယာဉ်များနဲ့ မောင်းသူမဲ့လေယာဉ်များပါဝင်တဲ့  လေကြောင်းမှ ခြိမ်းခြောက်မှုများကဲ့သို့  အန္တရာယ်များကို တုံ့ပြန်နိုင်စွမ်းရှိရမှာဖြစ်ပါတယ်။

ယခုတင်ပြမယ့်  အဝေးထိန်းလက်နက်စနစ်က လက်ရှိအသုံးပြုလျက်ရှိတဲ့ လူဖြင့်လုပ်ဆောင်ပစ်ခတ်ရတဲ့ လက်နက်စနစ်များအပေါ် ကောင်းစွာ လွှမ်းမိုးမှု ရှိမယ့်အပြင် ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကိုလည်း ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဒါတင်မက သေးပါဘူး။ ပတ်ဝန်းကျင် အခြေအနေ သတင်းအချက်အလက်နဲ့ ပစ်မှတ်သတ်မှတ်ခြင်းဆိုင်ရာ  သတင်းအချက်အလက်များသာ ရရှိခဲ့ရင် အဝေးထိန်းစနစ်နဲ့ လုပ်ငန်းဆောင်ရွက်ခြင်းကို ပိုမိုကောင်းမွန်စွာအသုံးချနိုင်ဦးမှာပါ။

အဝေးထိန်းလက်နက်စနစ်က  စစ်ရေယာဉ်မှာ လက်နက်ပစ်ခတ်မှုအတွက် လူအင်အားလိုအပ်ချက်ကို လျှော့ချပေးနိုင်တဲ့အပြင် စစ်သည်များရဲ့ဘေးကင်းလုံခြုံမှုကိုလည်း တိုးမြင့်ရရှိစေပါတယ်။

အဝေးထိန်းလက်နက်စနစ်နဲ့ လူအင်အား အသုံးပြုလက်နက်ပစ်ခတ်မှု စနစ်တို့ကြား ကွာဟချက်မှာ အဝေးထိန်းလက်နက်စနစ်ကို လူတစ်ဦးတစ်ယောက်တည်းက ထိန်းချုပ်ခန်းမှနေ၍ အသုံးပြုနိုင်ခြင်း ဖြစ်ပါတယ်။

လူအင်အားအသုံးပြု လက်နက်ပစ်ခတ်မှုစနစ်မှာကျတော့  ရန်သူ့အခြေအနေ စောင့်ကြည့်ခြင်း၊  ပစ်မိန့်ပေးခြင်း၊ ပစ်ခတ်ခြင်းနဲ့ ကျည်ပြန်ဖြည့်ခြင်းတို့အတွက် ရေယာဉ်ကုန်းပတ်ပေါ်မှာ အနည်းဆုံးလူနှစ်ဦးမှ သုံးဦးအထိ လိုအပ်တဲ့အပြင်   ထိုစစ်သည်များမှာလည်း ကြမ်းတမ်းလှတဲ့ ပင်လယ်ပြင်ရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံစားရနိုင်တဲ့ အခြေအနေ ရှိပါတယ်။

အကယ်၍ အဝေးထိန်းလက်နက်စနစ်ကိုအသုံးပြုရင်တော့ လက်နက်ပစ်ခတ်မှုအတွက်မလိုအပ်တော့တဲ့ စစ်သည်များကို အခြားနေရာများမှာ သီးခြားတာဝန်များ ပေးအပ်နိုင်မှာ ဖြစ်တာကြောင့်  စစ်ရေယာဉ်မှာ လိုက်ပါရတဲ့ စစ်သည်အင်အားကို  ကောင်းစွာ လျှော့ချနိုင်ဦးမှာပါ။

လူအင်အားကိုလျှော့ချလိုက်တဲ့အတွက် ရေယာဉ်ရဲ့ အလုံးစုံသော  လုပ်ငန်းဆောင်တာများ အားလုံးကို အချိန်ကုန်ကျိုးရှိ ဆောင်ရွက်နိုင်စေမှာဖြစ်သလို စစ်ဆင်ရေးကုန်ကျစရိတ်ကို ချွေတာနိုင်မှာ ဖြစ်ပါတယ်။

လူအင်အားနဲ့ စစ်ဆင်ရေး ကုန်ကျစရိတ်ကို ချွေတာနိုင်ခြင်းက စစ်အသုံးစရိတ်ကို အကန့်အသတ်နဲ့ အသုံးပြုနေရတဲ့ ရေတပ်များ ဒါမှမဟုတ် စစ်သည်အင်အား အနည်းငယ်သာ တင်ဆောင်နိုင်တဲ့   စစ်ရေယာဉ်များအတွက်  အကောင်းဆုံး အခြေအနေဖြစ်တာကြောင့်  အဝေးထိန်းလက်နက်စနစ်က   သူတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေအနေကို  ဆိုက်ရောက်လာရခြင်း ဖြစ်ပါတယ်။

ဒီစနစ်က လူအင်အားကိုသက်သာစေပါတယ်။ အထူးသဖြင့် ဗဟိုထိန်းချုပ်ခန်း  ဒါမှမဟုတ် ကာကွယ်မှုအောက်မှာ ရှိနေတဲ့ ဒီစနစ်ကိုအသုံးပြုရသူအနေနဲ့ တခြားသူတွေလိုမျိုး သင်္ဘောကုန်းပတ်ပေါ်မှာ နေရာယူပြီး လုပ်ငန်းဆောင်ရွက်ရတဲ့ အခြေအနေကနေ လွတ်မြောက်စေမှာဖြစ်ပါတယ် လို့ နော်ဝေကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့  Kongsberg Defence & Aerospace မှ မြေပြင် စနစ်များအတွက် ဈေးကွက်ရှာဖွေရေးနဲ့ ရောင်းချရေးဌာန ဒုတိယဥက္ကဋ္ဌ အာနီဂျန်နက်စတတ်က ပြောပါတယ်။

ဒါ့အပြင် စစ်သည်တစ်ဦးတည်းက ဘက်စုံသုံးထိန်းချုပ်ခန်းမှာနေပြီး တစ်ခုထက်ပိုတဲ့ အဝေးထိန်း လက်နက်စနစ်များကို အသုံးပြုနိုင်သေးတဲ့အတွက် ထိရောက်မှု ပမာဏက သမားရိုးကျထက် များစွာသာလွန်မှာဖြစ်ပါတယ်။

စစ်သည်တစ်ဦးက  အဝေးထိန်းလက်နက်စနစ် အများအပြားကို တစ်ချိန်တည်း တစ်ပြိုင်တည်းကိုင်တွယ် အသုံးပြုနိုင် ပေမယ့်လည်း  လိုအပ်မယ်ဆိုရင် တခြားစစ်သည်ကလည်း လိုအပ်မှုရှိနေတဲ့ အဝေးထိန်းလက်နက်စနစ်ကို ကောင်းစွာ ထိန်းချုပ်ကိုင်တွယ် အသုံးပြုနိုင်မှာပါလို့ အာနီဂျန်နက်စတတ်က ပြောပါတယ်။

အဝေးထိန်းလက်နက်စနစ်ထိန်းချုပ်သူကို သင်္ဘောအတွင်းရှိ အကာအကွယ်နောက်မှာ နေရာချထားနိုင်ပါတယ်။ ဒါမှသာ အလွန်ချမ်းအေး၊ စိုစွတ်၊ လေပြင်းတဲ့ ပင်လယ်ပြင်ပတ်ဝန်းကျင်အခြေအနေများကိုသာမက ရန်သူရဲ့တန်ပြန်ပစ်ခတ်မှုအန္တရာယ်ကနေလည်း ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီထိန်းချုပ်ခန်းအတွင်းမှာ တခြားစစ်ရေယာဉ်ရဲ့ အာရုံခံစနစ်များ တပ်ဆင်ထားပါက အဝေးထိန်း လက်နက်စနစ်ကို ထိန်းချုပ်သူများအနေနဲ့ တခြားသင်္ဘောပေါ်ရှိ စစ်ရေယာဉ်မှူးနဲ့ တိုက်ရိုက်စကား ပြောဆိုဆက်သွယ်နိုင်ဦးမှာ ဖြစ်ပါတယ်။

ဘက်စုံသုံးလက်နက်စနစ်ရှိနေခြင်းအားဖြင့် ကွပ်ကဲမှုဌာန၊ သင်္ဘောကွပ်ကဲစင် ဒါမှမဟုတ် စစ်ရေယာဉ်မှူးထံကို အာရုံခံစနစ်ကနေရရှိတဲ့သတင်းအချက်အလက်များက တိုက်ရိုက်ရောက်ရှိသွားမှာပါ။ ဒီစနစ်မရှိဘူးဆိုရင်တော့ စစ်သည်သုံးဦးဟာ ၁၂ ဒသမ ၇ မီလီမီတာသေနတ်ဘေးမှာရပ်နေရမှာဖြစ်တဲ့အပြင် သင်္ဘောကွပ်ကဲစင်ထဲမှာရှိတဲ့ တာဝန်ကျအရာရှိထံကို နှုတ်ကထွက်တဲ့အသံနဲ့သတင်းပို့နေရဦးမှာပါ။ ဒါပေမဲ့လည်း ဘက်စုံထိန်းချုပ်ခန်းသာ ရှိမယ်ဆိုရင် အဝေးရိုက်ကင်မရာနဲ့  လေဆာအသုံးပြုပစ်မှတ်ရှာစက်တို့ကနေရရှိတဲ့ အချက်အလက်တွေကြောင့် ကွပ်ကဲမှုဌာနမှာရှိတဲ့ တာဝန်ရှိသူအနေနဲ့ ပတ်ဝန်းကျင်အခြေအနေတွေကို လက်ရှိအခြေအနေထက်  ပိုမိုသိရှိစေမှာ ဖြစ်ပါတယ်လို့ အာနီဂျန်နက်စတတ်ကဆက်ပြောပါတယ်။

စစ်ရေယာဉ်အသုံးပြု အဝေးထိန်း လက်နက်စနစ်များက မြေပြင်အသုံးပြုအဝေးထိန်းလက်နက်စနစ်မှ ဆင်းသက်လာခြင်း ဖြစ်တာကြောင့် လုပ်ငန်းဆောင်ရွက်နိုင်မှု စွမ်းဆောင်ရည်အပိုင်းမှာ တူညီမှုများ ရှိပါတယ်။

စင်စစ်ဆိုရရင် ရေတပ်သုံးအဝေးထိန်းလက်နက်စနစ် အများအပြားကို ခြေလျင်သုံး အဝေးထိန်း လက်နက်စနစ်များကနေ မှတစ်ဆင့် ပြောင်းလဲထုတ်လုပ်ထားတာ ဖြစ်ပြီး အားကိုးစိတ်ချရမှုနဲ့ တိကျမှုတို့မှာတော့  ပင်လယ်ပြင်ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် အဆင့်မြှင့်တင်ထားခြင်း ဖြစ်ပါတယ်။

ဒီကနေ့အချိန်မှာတော့ အမျိုးစုံသောစစ်ဆင်ရေးများ ဖြစ်တဲ့တိုက်ခိုက်ရေး၊ ကင်းလှည့်ရေး၊ ပင်လယ်ဓားပြနဲ့ ငါးခိုးဖမ်းမှုတိုက်ဖျက်ရေးလုပ်ငန်းများကိုဆောင်ရွက်ဖို့အတွက် အပေါ့စားနဲ့ အမြန်သွားကင်းလှည့်ရေယာဉ်တွေ အဝယ်လိုက်နေတာကို တွေ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ စစ်ရေယာဉ်ကြီးတွေမှာလည်း တဖြည်းဖြည်းနဲ့ ပြန်လည်ဆန်းသစ်လုပ်ဆောင်မှုတွေကို မြင်လာနေရပါတယ်။ အဲဒီလိုဆန်းသစ်မှုတွေကတော့ စနစ်အများအပြား

ကို ကွန်ပျူတာထိန်းချုပ်စနစ်အဖြစ်ပြောင်းလဲပြီး စစ်သည်အင်အားကိုလျှော့ချလာတာတွေပါပဲ။ ဒါ့အပြင် ပစ်မှတ်တွေကလည်း အမြဲတမ်းပြောင်းလဲနေတဲ့အတွက် ရေတပ်များအနေနဲ့ မောင်းသူမဲ့ယာဉ်များနဲ့ မျိုးဆက်သစ်ဒုံးကျည်များရဲ့အန္တရာယ်ကိုရင်ဆိုင်လာရပါပြီလို့ ပြင်သစ်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ နက်စတာမှညွှန်ကြားရေးမှူး အိုလီဗီယာလူးကုကပြောပါတယ်။

ဒါကြောင့်ပဲ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ရေတပ်တွေက သူတို့ရဲ့ကြီးသည်၊ ငယ်သည်မဟူ စစ်ရေယာဉ်များ အားလုံးအတွက်  လက်နက်စနစ်များကို အဆင့်မြှင့်တင်ဖို့နဲ့ အဝေးထိန်းစနစ်နဲ့ အသုံးပြုဖို့ကို ရွေးချယ်လာ နေကြပါတယ်။ ဒါ့အပြင် သေနတ်ပြောင်းအချင်းကိုလည်း ၇ ဒသမ ၆၂ မီလီမီတာမှ ၁၂ ဒသမ ၇ မီလီမီတာမှသည် ၄၀ မီလီမီတာအထိ တိုးချဲ့လာနေကြပါတယ်လို့ အိုလီဗီယာလူးကုက ဆက်ပြောပါတယ်။

Ref: AMR                       

ဆက်လက်ဖော်ပြပါမည်