ထိုင်းနှင့် တရုတ်လေတပ်တို့ ပူးတွဲစစ်ရေး လေ့ကျင့်မှုစတင်

ထိုင်းနှင့် တရုတ်လေတပ်တို့ ပူးတွဲစစ်ရေး လေ့ကျင့်မှုစတင်

ထိုင်းလေတပ်နှင့် တရုတ်လေတပ်တို့၏ ပူးတွဲစစ်ရေး လေ့ကျင့်မှုကို သြဂုတ် ၁၄ ရက်တွင် စတင်ကြောင်း ထိုင်းတပ်မတော်က ထုတ်ပြန်သည်။ယခုစစ်ရေးလေ့ကျင့်မှုသည် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီး နောက်ပိုင်း နှစ်နိုင်ငံကြား ပထမဆုံးအကြိမ် စစ်ရေးလေ့ကျင့်မှုဖြစ်သည်။

Falcon Strike အမည်ရှိ   အဆိုပါ စစ်ရေးလေ့ကျင့်ခန်းကို သြဂုတ် ၁၄ ရက်မှ ၂၅ ရက်အထိ နိုင်ငံအရှေ့မြောက်ပိုင်း၌ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊   ထိုသို့ ပူးတွဲစစ်ရေး လေ့ကျင့်ခြင်းသည် နှစ်နိုင်ငံကြား ဆက်ဆံရေးနှင့်   နားလည်မှု ပိုမိုခိုင်မာလာစေရေး အတွက်ဖြစ်ကြောင်း ထိုင်းလေတပ် ဦးစီးချုပ်ကပြောသည်။

ထိုစစ်ရေး လေ့ကျင့်ခန်းအတွက် တရုတ်လေတပ်က    တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များနှင့်   လေကြောင်းကြိုတင် သတိပေး လေယာဉ်များကို စေလွှတ်ထားသည်။ လေကြောင်း ပစ်ကူပေးခြင်း၊ မြေပြင်ရှိ ပစ်မှတ်များကို ပစ်ခတ်ခြင်း၊ အသေးစားနှင့် အကြီးစားတပ်ဖွဲ့များကို ဖြန့်ကြက်မှုတို့ပါဝင်မည့်  ထိုစစ်ရေးလေ့ကျင့်ခန်းကို  ၂၀၁၅ ခုနှစ်မှစ၍ ကိုဗစ်-၁၉ ကပ်ရောဂါ    မဖြစ်ပွားခင်အချိန်အထိ   နှစ်နိုင်ငံကြား နှစ်စဉ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့် စစ်ဘက်ဆက်ဆံရေးကို ပိုမိုခိုင်မာ တိုးတက်အောင် လုပ်ဆောင်လျက်ရှိပြီး  တရုတ်နိုင်ငံမှ ရေတပ်စစ်ပစ္စည်းများကို ဝယ်ယူသည့်  ပထမဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်လာကြောင်း သိရသည်။