မြန်မာနိုင်ငံက ပြင်းထန်စွာကန့်ကွက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သည့်နိုင်ငံ ဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ချစ်ကြည်ရင်းနှီးမှုကို အလေးထား ဆောင်ရွက်ဆက်ဆံလျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအဖြစ် ကုလသမဂ္ဂ၏ စံနှုန်းများကို လေးစားတန်ဖိုးထားသည်။ အရှေ့တောင်အာရှနိုင်ငံများ အသင်းဝင်နိုင်ငံတစ်ခုအဖြစ် အာဆီယံစံနှုန်း များကိုလည်း လေးစားလိုက်နာလျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် မည်သို့ပင် အခြားနိုင်ငံများနှင့် ချစ်ကြည်ရေးကို အလေးထား လုပ်ဆောင်နေသော်လည်း အချို့သောနိုင်ငံများရှိ တာဝန်ရှိသူအချို့သည် မြန်မာနိုင်ငံနှင့် ပတ်သက်လာလျှင် သဘောထား မှန်ကန်မှုမရှိကြောင်း တွေ့မြင်ကြား သိနေရသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ၂၀၂၂ ခုနှစ် သြဂုတ် ၈ ရက်က ကျင်းပခဲ့သည့် အာဆီယံနေ့အခမ်းအနားနှင့် သြဂုတ် ၁၀ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မလေးရှား နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေသည့် မတရားအသင်း အဖွဲ့များနှင့် ထိတွေ့ဆက်ဆံရန် အာဆီယံ အဖွဲ့ဝင်များအား တိုက်တွန်းခဲ့ကြောင်း ပြောကြားချက်သည် မြန်မာပြည်သူ လူထုတစ်ရပ်လုံးက လုံးဝလက်မခံနိုင်သောပြောကြားချက် ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်ကျူးလွန်နေသူများက မြန်မာနိုင်ငံ၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာရဟန်း၊ သံဃာတော်များကိုအကြောင်းမဲ့သတ်ဖြတ်နေခြင်းမှာ လွန်စွာယုတ်မာ ရိုင်းစိုင်း၍ ရဟန်းရှင်လူပြည်သူများ လက်မခံနိုင်သော အကြမ်းဖက်လုပ်ရပ်ဖြစ်သည်။ ရည်ရွယ်ချက်ရှိရှိ ထေရ်ကြီးဝါကြီး ဆရာတော်များအပါအဝင် သာသနာနွယ်ဝင် သီလရှင်များကို ရက်စက်စွာသတ်ဖြတ်ခြင်းမှာ မည်သည့်နိုင်ငံရေးနှင့်မျှ သက်ဆိုင်သည်မဟုတ်ပါ။ ထို့အတူ မိမိတို့အား သင်ကြားပြသနေသော ဆရာ၊ ဆရာမတို့ကို အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူ မြောက်မြားစွာကို ရက်စက်စွာ သတ်ဖြတ်ခြင်းတို့မှာ မည်သည့်နိုင်ငံကမျှ လက်မခံနိုင်သော အကြမ်းဖက် လုပ်ရပ်ဆိုး ဖြစ်သည်။

ထိုသို့အကြမ်းဖက်လုပ်ရပ်ကျူးလွန်နေသည့် မတရားအသင်းနှင့် ပတ်သက်၍ မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်မှာ တာဝန်မဲ့လွန်းလှသည်။ ယင်းကဲ့သို့ မဆင်မခြင်ပြောကြားချက်သည် နိုင်ငံအတွင်း မငြိမ်မသက်မှုနှင့် အကြမ်းဖက်လုပ်ရပ်များကိုအားပေးရာရောက်သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံ အချင်းချင်း လေးစားတန်ဖိုးထားရမည့်အစား အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက်ပြီး ယင်းပြောဆိုချက်များသည် အာဆီယံပဋိညာဉ်စာတမ်းအပိုဒ်(၂) အပိုဒ်ခွဲ(င)နှင့်(စ)ကို လည်းကောင်း၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏အပိုဒ်(၂) အပိုဒ်ခွဲ(၇)ကိုလည်းကောင်း ချိုးဖောက်ရာရောက်နေပါသည်။

ထို့ပြင် တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်တွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမဟုတ်သည့် နိုင်ငံများကိုပါဝင်လာစေရန် ပြောဆိုချက်များသည် အာဆီယံ၏အချက်အချာကျမှုကို လျော့ပါးစေပြီး အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်၏ လုပ်ဆောင်ချက်များကို လမ်းကြောင်းလွဲမှားစေမည်ဖြစ်သည်။ အာဆီယံက မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်သည့် လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံ က ပူးပေါင်းပါဝင်ခြင်း မရှိကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ စွပ်စွဲပြောဆိုမှုမှာ မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးဆိုင်ရာ အာဆီယံညှိနှိုင်းရေး ဗဟိုဌာန (AHAစင်တာ)မှတစ်ဆင့် လူသားချင်းစာနာမှု အကူအညီများပေးအပ်ရာတွင် သိသာထင်ရှားသည့်တိုးတက်မှုများကို လျစ်လျူရှုရာရောက်ပြီး မြန်မာနိုင်ငံအစိုးရ၏ AHA စင်တာနှင့်ပူးပေါင်း ဆောင်ရွက်နေသည့် ကြိုးပမ်းဆောင်ရွက်ချက်များကို အသိအမှတ်ပြုခြင်း မရှိသည့် မကောင်းမြင်စိတ်ဖြင့် ပြောဆိုခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ ငြိမ်းချမ်းတည်ငြိမ်မှုကို အမှန်တကယ် တွေ့မြင်လိုသည့်ဆန္ဒရှိပါက မည်သည့်အာဆီယံ အဖွဲ့ဝင်နိုင်ငံမဆို မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆိုးရွားစွာ ထိခိုက်စေမည့် ယခုကဲ့သို့ ပြောကြားချက်မျိုးကို လုံးဝရှောင်ရှားသင့်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးကာ နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကို ဆက်လက်လိုက်နာ ကျင့်သုံးလျက်ရှိသည်။ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မရှိသလို မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းကိုလည်း လက်မခံပါ။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးမှ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် တာဝန်မဲ့ ပြောကြားချက်များကို ထပ်ခါထပ်ခါ ပြောကြားနေမှုများအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် ပြင်းထန်စွာကန့်ကွက်ကြောင်း သြဂုတ် ၁၂ ရက်တွင် သတင်းထုတ်ပြန် ထားပါသည်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနသို့လည်း ကန့်ကွက်စာပေးပို့ခဲ့ကြောင်း သိရှိရပါသည်။ ဤသည်မှာ ရဟန်းရှင်လူပြည်သူ အပေါင်း၏ ဆန္ဒနှင့်ကိုက်ညီပါကြောင်း ရေးသားလိုက်ရပေသည်။   ။