ပဲခူးတိုင်းဒေသကြီးအဆင့်  တူယှဉ်နွှဲပျော် ဂီတပွဲတော် Season(2) သီချင်းဆိုပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီးအဆင့်  တူယှဉ်နွှဲပျော် ဂီတပွဲတော် Season(2) သီချင်းဆိုပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ပဲခူးမြို့ မြို့တော်ခန်းမ၌ သြဂုတ် ၁၄ ရက်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီးအဆင့် တူယှဉ်နွှဲပျော် ဂီတပွဲတော် Season(2) သီချင်းဆိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ သီချင်းဆိုပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်က ထူးချွန်သည့် ဂီတမျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲကြီးကို ကျင်းပပေးရခြင်း ဖြစ်ကြောင်း၊ အကဲဖြတ် ပညာရှင်ကြီးများကလည်း တိကျမှန်ကန်စွာ မိမိတို့တိုင်းဒေသကြီးအတွက် အရည်အသွေး ရှိသည့်ပြိုင်ပွဲဝင်ကို ရွေးချယ်ပေးကြမှာဖြစ်ကြောင်း၊ ယခုပြိုင်ပွဲမှသည်  ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု လက်ရွေးစင်သုံးဦးပေါ်ထွက်လာမှာဖြစ်ပြီး ဗဟိုအဆင့်မှာလည်း တိုင်းဂုဏ်ဆောင် အောင်မြင်မှုများ ရရှိရန် ကြိုးစားကြရမည်ဖြစ်ကြောင်း ပြောကြားပြီး အကဲဖြတ်ဒိုင် နိုင်ငံတော်အဆင့် စောင်းပညာရှင် အဆင့်(၁)ဦးသက်ဝေက ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်ခြောက်ခုမှ ပြိုင်ပွဲဝင် ၁၂ ဦးတို့က အုပ်စုသုံးစုခွဲ၍ စိတ်ကြိုက် သီချင်းများဖြင့် ပြိုင်ပွဲဝင်သီဆို ယှဉ်ပြိုင်ကြကြောင်း သိရသည်။