လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲကျင်းပ

မွန်ပြည်နယ် သထုံမြို့နယ်ရှိ အမှတ်(၈၈)စက်မှုလယ်ယာစခန်း၌ ဖွင့်လှစ်မည့် လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း   ဖွင့်ပွဲအခမ်းအနားကို  သြဂုတ် ၁၅ ရက်တွင် သထုံမြို့ လိပ်အင်းရပ်ကွက်ရှိ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန     လယ်ယာသုံးစက်ကိရိယာအရောင်းပြခန်း၌ ကျင်းပသည်။

အခမ်းအနားတွင် သထုံမြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲနေပြီဖြစ်ရာ     တောင်သူ အများစုတွင် လယ်ယာသုံးစက်ကိရိယာ များရှိနေပြီ ဖြစ်ကြောင်း၊ လယ်ယာလုပ်ငန်းများတွင် စက်ကိရိယာများအသုံးပြုခြင်းဖြင့် အချိန်ကုန်၊ ငွေကုန်သက်သာ နိုင်ကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းသည် အခြေခံဖြစ်ပြီး အဆင့်မြင့်သည့်နည်းပညာများကို လည်း  ထပ်မံလေ့လာကြစေလိုကြောင်း၊ သင်တန်းပို့ချချက်များကို  စနစ်တကျ သင်ယူပြီး မိမိတို့ရပ်ရွာ၌ ပြန်လည် ဖြန့်ဖြူးပေးခြင်းဖြင့် ရပ်ရွာအကျိုးရှိစေရန် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် သထုံခရိုင် စက်မှုလယ်ယာ ဦးစီးဌာန ဦးစီးမှူး ဦးဇော်မြင့်က သင်တန်း ဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်နှင့် သင်တန်း၏ အကျိုးကျေးဇူးများကို    ရှင်းလင်းပြောကြားပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးမှူး ဦးရဲမြင့်က သင်တန်းစည်းမျဉ်းများကို ရှင်းလင်းပြောကြားကာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမင်းတင်နွယ်က သင်တန်းသားများထံ သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။

အဆိုပါသင်တန်းတွင် ဒေသတွင်းလယ် ယာလုပ်ငန်းခွင်များ၌ အသုံးပြုမှုများသည့် တစ်လုံးထိုး လက်တွန်းထွန်စက်၊  ထွန်စက်ကြီး၊ ရိတ်ခြွေစက်နှင့်  ကောက်စိုက်စက်များ  စနစ်တကျမောင်းနှင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းများကို  သထုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ  သင်တန်းသားတောင်သူ ၃၀ ဦးအား  စက်မှုလယ်ယာဦးစီးဌာနမှ ကျွမ်းကျင်နည်းပြများက  သြဂုတ်  ၁၅ ရက်မှ ၂၆ ရက်အထိ စာတွေ့လက်တွေ့ ၁၂ ရက်ကြာ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)