သံတမန်ရေးရာသင်တန်း အမှတ်စဉ် (၇/၂၀၂၂)၏ သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

သံတမန်ရေးရာသင်တန်း အမှတ်စဉ် (၇/၂၀၂၂)၏ သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော်  သြဂုတ်  ၁၅

နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် အသစ်ခန့်အပ်လိုက်သော   အရာထမ်းငယ်များအတွက် ဖွင့်လှစ်သည့်   သံတမန်ရေးရာ သင်တန်း(Course in Diplomacy-CID) အမှတ်စဉ်(၇/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို  ယနေ့မွန်းလွဲ ၁ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်ရှိ လောကနတ်ခန်းမ၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဦးစီးဌာန အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူ ၃၄ ဦးတို့ တက်ရောက်ကြသည်။

သင်တန်းတွင် သံတမန်အရာထမ်းငယ်များ၏  အရည်အသွေး မြှင့်တင်ရန်နှင့် ဘာသာရပ်ဆိုင်ရာ ဗဟုသုတကြွယ်ဝစေရန် အတွက် နိုင်ငံခြားရေးမူဝါဒ၊ မျက်မှောက်ခေတ် နိုင်ငံတကာရေးရာများ၊ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများ၊  နိုင်ငံတကာနှင့်   ဒေသတွင်း အဖွဲ့အစည်းများဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်များ၊ သံတမန်ရေးရာများ၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာများ၊ နိုင်ငံသားအကျိုး ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာ ကိစ္စရပ်များ၊  စီးပွားရေးဆိုင်ရာ ဘာသာရပ်များနှင့်  လက်တွေ့အသုံးချ အင်္ဂလိပ်စာ ကျွမ်းကျင်ရေး ဘာသာရပ်တို့ကို   စာတွေ့လက်တွေ့ ရက်သတ္တ ၁၂ ပတ်ကြာ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း  သိရသည်။